မန္တလေးမြို့လယ်က လူနေဆိုင်ခန်း ၁၅၀ ကျော်မှာ နေထိုင်သူတွေကို ဖယ်ရှားခိုင်း

RFA Burmese
2024.06.04
မန္တလေးမြို့လယ်က လူနေဆိုင်ခန်း ၁၅၀ ကျော်မှာ နေထိုင်သူတွေကို ဖယ်ရှားခိုင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ ဖယ်ရှားခံရမည့် သတိပေးစာ ပို့ခံထားရသည့် လူနေဆိုင်ခန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာမှာရှိတဲ့ ဝန်ထမ်းသက်သာ လူနေဆိုင်ခန်းပေါင်း ၁၅၀ ကျော်မှာ နေထိုင်သူတွေကို ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးကြဖို့ အာဏာပိုင်တွေက သတိပေးစာပို့ထားတယ်လို့ အဲဒီဆိုင်ခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်က လမ်းဦးစီးဌာန တာဝန်ရှိသူတွေကနေ မေလ ၂၄ ရက်နေ့ကနေ ဇွန်လ ၇ ရက်အထိ နှစ်ပတ်အတွင်းမှာ အပြီးဖယ်ရှားပေးဖို့ သတိပေးစာပို့ခဲ့တာလို့ ဆိုပါတယ်။

သတိပေးစာပို့ပြီး မေ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေကတော့ အရပ်ဝတ်နဲ့လူ ၂၀ ခန့်က တိုက်ခန်းတချို့ရဲ့ မီတာဘောက်များကို ဖြုတ်သိမ်းသွားခဲ့ပြီး ရေလည်းဖြတ်တောက်လိုက်တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

လျော်ကြေးပေးတာ၊ နေရာအစားထိုးပေးတာမျိုး မရှိဘဲ ဖယ်ရှားခိုင်းတဲ့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူနေဆိုင်ခန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"အကြမ်းဖက်ပြီး နှိမ်နင်းမယ်ဆိုတော့ ရွှေ့နေကြတာ။ ခုဟာက အကုန်လုံးက ကြောက်ပြီးတော့ ပစ္စည်းတွေ ဟိုရွှေ့၊ ဒီရွှေ့နဲ့ ဘုန်းကြီးကျောင်းတွေကို ရောက်ကုန်ပြီ။ တကယ်တမ်းကျတော့ နှစ်သုံးဆယ် နေလို့ရရမှာ။ အခုက အနှစ် နှစ်ဆယ်ကျော်လေးနဲ့ ဖယ်ရှားခိုင်းတာပေါ့။ ဆိုင်ခန်းတွေဆိုရင် အသစ်အတိုင်းလေးပဲ ရှိသေးတယ်။ သူတို့ စာထဲအရဆို တစ်ခြားစီမံကိန်းရှိမှ ဖယ်ရှားပေးရမယ်။ ခုဟာက ဘာစီမံကိန်းမှ မရှိဘူး"

အဲဒီ လူနေဆိုင်ခန်းတွေကို ၂၀၀၃ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကကန်ထရိုက်တွေနဲ့ ပူးပေါင်းပြီး ၁၅ ပေ၊ ပေ ၃၀ အာစီ ထပ်ခိုးပါ ဆိုင်ခန်းတစ်ခန်းကို ကာလပေါက်စျေး ငွေကျပ် သိန်း ၁၆၀ ကျော်နဲ့ ရောင်းချခဲ့တာလို့ ဆိုပါတယ်။

တိုက်ခန်းဝယ်ယူ နေထိုင်ကြသူတွေက လမ်းဦးစီးဌာနကိုလည်း မြေငှားရမ်းခ တစ်လ ၅ သောင်းကျော်အပြင် အပိုတစ်ဆယ်ရာခိုင်နှုန်းပါ ပေးဆောင်ပြီး နေထိုင်ကြတာပါ။ လက်ရှိ ပေါက်ဈေးအရတော့ မန္တလေးမြို့လယ်ဖြစ်တာကြောင့် လူနေဆိုင်ခန်းတစ်ခန်းကို ငွေကျပ် သိန်းသုံးထောင်ဝန်းကျင်ရှိပြီး ငှားခအနေနဲ့ ငွေကျပ် ငါးသိန်းအထက်ရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ရဲ့ ဆိုင်ခန်းတွေကို သုံးကြိမ်ထက်မနည်း ဖယ်ရှားဖို့ သတိပေးစာ ပို့ခံခဲ့ရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အယူခံအဖွဲ့ထံကို အယူခံတင်သွင်းခဲ့ကြပေမယ့် ပယ်ချခံရတယ်လို့ နောက်ထပ် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"ရှင်းရှင်းပြောရရင် ကျူးဆိုပြီး မောင်းထုတ်တာ။ အမှန်တော့ ကျူးမဟုတ်ဘူးလေ။ အားလုံးက အယူခံအဖွဲ့ကို တင်တယ်။ အယူခံအဖွဲ့ကနေ ပြန်ရတဲ့စာထဲမှာ တိုက်ခန်းပိုင်ရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးပါရန် ဆိုတာလေးပါတယ်ဗျ။ အဲဒါကို သူတို့က မညှိဘဲ နို့တစ်စာပို့ပြီး ကျွန်တော်တို့ကို မောင်းထုတ်တယ်။ ဒါတွေ ဝယ်တုန်းကလည်း သေချာလည်းမေးပါတယ်။ ခိုင်မာပါတယ် ဝယ်ပါဆိုလို့ ကျွန်တော်တို့က ဝယ်နေခဲ့တာပါ"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီမနက် တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တိုက်ခန်းမှာ နေထိုင်သူတွေထံ ပေးပို့လာတဲ့ သတိပေးစာမှာတော့ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ (၃) အရ ခွင့်ပြုချက်မရှိဘဲ နေထိုင်တဲ့အတွက် ထွက်ခွာသွားရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ လူနေဆိုင်ခိုင်း ၁၅၀ ကျော်မှာ စျေးဆိုင်ကြီးတွေ၊ ရုံးခန်းတွေ ဖွင့်လှစ်ထားတာရှိသလို သက်ကြီးရွယ်အို၊ အငြိမ်းစား ဝန်ထမ်းတွေ အပါအဝင် နေထိုင်သူ ၅၀၀ ကျော်ရှိတယ်လို့ ကိုယ်တိုင်နေထိုင်နေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူနေအိမ်တွေ ဖယ်ရှားခံနေရသလို ဝန်ကြီးဌာနပိုင် မြေနေရာမှာရှိတဲ့ ဆိုင်ခန်းတွဲတွေလည်း ဖယ်ရှားခံနေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။