မြင်းခြံမှာ နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရပြီး လူခြောက်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2025.03.03
မြင်းခြံမှာ နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရပြီး လူခြောက်ထောင်ခန့် ထွက်ပြေးနေရ မြင်းခြံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံ ဓာတ်ပုံ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုး မီးရှို့တာကြောင့် ကျောက်ပြုတ်ရွာက နေအိမ်နှစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီး ရွာခြောက်ရွာခန့်က လူခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် မတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျောက်ပြုတ်ရွာနဲ့ တစ်မိုင်ကျော်အကွာ လယ်သစ်ရွာ ပျူစောထီးစခန်းကနေ လာရောက်တဲ့ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ကျောက်ပြုတ်ရွာနားမှာ သူတို့ (စစ်ကောင်စီတပ်) ပစ်ခတ်ခံရပြီး ကျောက်ပြုတ်ရွာနဲ့ ပတ်သက်တယ်ဆိုပြီး ရှို့တာ။ အိမ်ခြေ နှစ်ရာနီးပါးလောက် ပါသွားတယ်။ နှစ်ဆယ်ကျော်လောက်ပဲ ကျန်တယ်။ မရှို့ခင် အရင်ညက ပစ္စည်းတွေ ကားသုံးစီးနဲ့ သယ်တယ်။ နောက်ပြီးတော့ တောထဲမှာ ဆေးရွက်ကြီးခူးနေတဲ့ တောင်သူ နှစ်ယောက်လည်း ပစ်သတ်ထားခဲ့တယ်။ ၂၈ ရက်နေ့က သတ်ထားခဲ့တာ မနေ့ကမှ အလောင်းတွေကတွေ့တာ”

ပစ်သတ်ခံရသူ နှစ်ဦးဟာ ကျောက်ပြုတ်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပြီး အမည်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

မြင်းခြံ - နဘူးအိုင် ကားလမ်းမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ဆယ်ထက်မနည်း သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း သေဆုံး၊ ထိခိုက်မှု တချို့ ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ သေဆုံး၊ ထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

မြင်းခြံ - နဘူးအိုင် ကားလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ဆေးရေးဂိတ် လေးနေရာရှိပြီး စစ်ကောင်စီတပ်ဘက်က နှစ်နေရာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရန် ချန်နယ်တွေမှာ မန္တလေး - မြင်းခြံ ကားလမ်းပေါ်က PDF ဂိတ်တွေကို ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ မတ်လ ၁ ရက်နေ့က ဖော်ပြထားပါတယ်။

မတ်လ ၃ ရက် နေ့မှာလည်း လယ်သစ်ရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား နှစ်ရာကျော်ဟာ နှစ်မိုင်ကျော်ဝေးတဲ့ မြောက်ကုန်း၊ ခင်မကန်၊ တဲနဲ့ သဲတောရွာတွေဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ရွာခြောက်ရွာထက်ခန့်က ဒေသခံ ခြောက်ထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက တလုပ်မြို့ရွာထဲက နေအိမ် တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လွတ်လပ်တဲ့သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၁၁၂,၄၈၅ လုံး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။