ညောင်ဦးက အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနေ နုတ်ထွက်ဖို့ PDF သတိပေး
2025.03.07

မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ကြဖို့နဲ့ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းရေးမှာ ပူးပေါင်းပါဝင်နေတာတွေ ရပ်တန့်ဖို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၇ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီ စစ်သားစုဆောင်းရာမှာ ပါဝင်နေတာကြောင့် အခုလိုသတိပေးတာလို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဇီးက RFA ကို ပြောပါတယ်။
“အဓိကတော့ ကျွန်တော်တို့မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး စစ်မှုထမ်းဥပဒေကို အသက်သွင်းတဲ့ပုံစံပေါ့နော်၊ လူငယ်တွေကို အတင်းစုဆောင်းခေါ်ယူတာတွေ၊ အတင်းအဓမ္မခေါ်တာတွေ၊ ညအချိန်မတော်မှာ ဝင်ရောက်ဖမ်းဆီးပြီးတော့ ခေါ်ဆောင်သွားတာတွေက နယ်မြေခံမပါဘဲနဲ့ သူတို့ ဘယ်လို့မှ လုပ်လို့မရဘူး၊ နယ်မြေခံအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းလုပ်လို့ ဒီလို့ဖမ်းဆီးလို့ရတာ ဖြစ်တဲ့အတွက် ညောင်ဦးမြို့နယ်က မြို့ပေါ်မှာရှိတဲ့အုပ်ချုပ်ရေးမှူးတွေရော၊ ရွာတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်ကောင်စီနဲ့ ဒီလိုဆက်လက်ပူးပေါင်းဆောင်ရွက်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ပထမဆုံးအနေနဲ့ ဖမ်းဆီးပြီး လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်သွားပါမယ်”
မတ်လကုန်နောက်ဆုံးထားပြီး တာဝန်ကနေ နှုတ်ထွက်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ဆိုပါတယ်။ ဘယ်လိုအရေးယူသွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောပါဘူး။
လက်ရှိအချိန်ထိ ညောင်ဦးမြို့နယ်မှာ အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ် နှစ်ရာကျော်ရှိတယ်လို့လည်း မြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။
ညောင်ဦးမြို့ပေါ်မှာ နယ်မြေ ခုနစ်ခုရှိပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ထောက်ခံသူတွေက နယ်မြေတစ်ခုကနေ စစ်မှုထမ်းဖို့ ဒေသခံ ခုနစ်ရာစီ စုဆောင်းဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ညောင်ဦးမြို့ပေါ်က လူငယ် ငါးထောင်နီးပါးကို စစ်မှုထမ်းအတွက် ဆင့်ခေါ်ဖို့ စာရင်းပြုစုထားတယ်လို့လည်း သူက ပြောပါတယ်။
ညောင်ဦး-ချောက်ကားလမ်းပေါ်မှာရှိတဲ့ ရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေသလို ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတယ်လို့ ကိုဇီးက ပြောပါတယ်။
ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ်က စတင်အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီဟာ အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် (၁၀) အထိ သင်တန်းပေးထားပြီးဖြစ်ပါတယ်။ အပတ်စဉ်တစ်ခုကို လူ ငါးထောင်ဝန်းကျင်သင်တန်းပေးနေတာလို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။
စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းနေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် ထိထိရောက်ရောက် အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာကို မတ်လ ၄ ရက်နေ့မှာ တောင်းဆိုထားပါတယ်။