လူငယ် လုပ်ငန်းများအတွက် မန္တလေးနှင့် စစ်ကိုင်းတိုင်းမှာ ဆွေးနွေး
2011.04.05

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ရန်ကုန်က လာရောက်တဲ့ လူငယ်အဖွဲ့ဝင်တွေ ဟာ နှစ်ဖွဲ့ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ်။
“မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့တွေ ပြန်ဖော်ဖို့အတွက် မှာကြားချက်ပေါ့။ အဲဒီအလုပ်ကို တိုင်းအကူအညီပေးရေး အဖွဲ့တွေရော ပူးပေါင်းပြီး ဆောင်ရွက်ဖို့၊ နောက် မြို့နယ် စည်းရုံးရေး အဖွဲ့တွေမှာ ညှိနှိုင်း ဆောင်ရွက်ဖို့ ဆိုပြီး အဲဒီ မှာကြားချက်ကို သူတို့ လူငယ်တွေက ရှင်းပြတာပေါ့နော်။ နောက်တခုက လူငယ်ကွန်ရက်ဆိုတာက ရှိတယ်ပေါ့။ အဲဒါ ကိုတိုးကျော်လှိုင်တို့ တာဝန်ယူပြီး လုပ်ထားတဲ့အဖွဲ့ပေါ့။ သူတို့ကတော့ NLD မဟုတ်တဲ့ဟာတွေရော၊ NLD အဖွဲ့တွေရောပေါ့နော်၊ အားလုံး သူတို့ ပြန်ပြီးတော့ ကွန်ရက်သဘော ဆန်တဲ့အလုပ်တွေ၊ နောက်တခုက လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နောက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ ဟာလေးတွေ သူတို့ အစီအစဉ်လေးတွေ လာပြောတာပါ။”
လာရောက် ဆွေးနွေးတဲ့ အဖွဲ့မှာ ဗဟို လူငယ်ဖော်ဆောင်ရေးက ကိုမြင့်ဌေး ဦးဆောင်တာ ဖြစ်ပြီး လူငယ်ကွန်ရက် ဖွဲ့စည်းရေးအတွက် ကိုတိုးကျော်လှိုင်က ဦးဆောင်လာတာ ဖြစ်ပါတယ်။ လူငယ် ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ဆုံဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ခုလိုဆောင်ရွက်တာဖြစ်ပါတယ်။
ရန်ကုန်က သွားရောက်တဲ့ အဖွဲ့ဝင်တွေဟာ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ လူငယ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်း စည်းအဖွဲ့ဝင်တွေနဲ့လည်း စစ်ကိုင်းမှာ သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။