မုံရွာ-မန္တလေးလမ်းမှာ ပြည်သူတွေမသွားလာဖို့ ချောင်းဦး PDF ထုတ်ပြန်
2025.03.02

ခရီးသွားပြည်သူတွေအနေနဲ့ မုံရွာ-မန္တလေးလမ်းမကြီးကို အသုံးမပြုကြဖို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က မတ်လ ၂ ရက်နေ့က အသိပေးထုတ်ပြန်ပါတယ်။
ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လမ်းအသုံးပြုခွင့် တားမြစ်တာဖြစ်ကြောင်း CHUPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အခုကာလက ရန်သူ့ဘက်က လမ်းပိုင်းကို အသုံးပြုခွင့်များပြီး လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေရှိလို့ဗျ။ မိုင်းဆွဲတာတို့ ဘာတို့မှာ ပြည်သူ့အတွက်အန္တရာယ်ရှိလို့ပါ။ ရန်သူက ပြည်သူဓားစာခံခေါ်လာပြီး တစ်ခါတလေကျရင် ပြည်သူကို မိုင်းရှင်းခိုင်းတဲ့အခါတွေရှိတယ်။ အဲဒီအခါကျရင် ပြည်သူ့အတွက်အန္တရာယ်များလို့ ကျွန်တော်တို့က သတိပေးတားတာပါ"
လမ်းအသုံးပြုသွားလာခွင့်ကို ရက်ပိုင်းအတွင်းသာ ကန့်သတ်ထားတာဖြစ်ပြီး သွားလာနိုင်တဲ့အခြေအနေရှိရင် ထပ်မံကြေညာသွားမယ်လို့လည်း CHUPDF က ပြောပါတယ်။
မုံရွာ- မန္တလေးလမ်းမှာ မသွားလာဖို့သတိပေးချက်မှာ လိုက်နာတာမရှိသူတွေရဲ့ လုံခြုံရေးကို အာမမခံကြောင်းလည်း CHUPDF က ပြောထားပါတယ်။
မုံရွာ-မန္တလေးလမ်းမကြီးပိုင်းမှာ စစ်ကိုင်း-မြင်းမူ၊ မြင်းမူ-ချောင်းဦးနဲ့ ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး အခုအချိန်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာနေရာတွေမှာ ခေတ္တရပ်နားထားကြဖို့နဲ့ အဲဒီလမ်းပိုင်းကိုလက်ရှိ အသုံးပြုနေတဲ့ ဆွေမျိုးမိတ်ဆွေတွေကို သတိပေးအကြောင်းကြားဖို့ မေတ္တာရပ်ခံထားပါတယ်။