အိုးဘိုထောင်မှာ အကျဥ်းသားခြောက်ဆယ်ကျော် ဝမ်းရောဂါဖြစ်နေ
2025.01.24
မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်မှာ အခုနှစ် ဇန်နဝါရီလ ဒုတိယပတ်ကစပြီး နိုင်ငံရေး အကျဥ်းသားတွေအပါအဝင် အကျဥ်းသား ခြောက်ဆယ်ကျော် ဝမ်းရောဂါဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ဇန်နဝါရီလ ၂၄ ရက် ဒီနေ့ ပြောပါတယ်။
အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသား အပါအဝင် အမျိုးသား လေးဆယ်ကျော်နဲ့ အမျိုးသမီး နှစ်ဆယ်ကျော်ဟာ ဝမ်းရောဂါဖြစ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က အိုးဘိုထောင်မှာကျွေးတဲ့ ထမင်းတွေဟာ စားလို့မရအောင် ပျက်စီးနေပြီး အနံ့ထွက်နေတဲ့ ပဲဟင်းတွေ စားသောက်ပြီးနောက် ဝမ်းရောဂါဖြစ်ခဲ့တာလို့ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“ထမင်းပျော့တဲ့ကိစ္စနဲ့ ပဲဟင်းအနံ့ ထွက်တဲ့ကိစ္စမှာ နိုင်ငံရေးအကျဥ်းသားတွေနဲ့ ပဋိပက္ခပုံစံမျိုး ဖြစ်သွားခဲ့သေးတယ်။ အဲဒီနောက်မှာ ပါဆယ်ပို့တာ၊ ဧည့်တွေ့တာတွေကို သုံးရက်လောက် ပိတ်လိုက်တယ်။ အဲဒါဖြစ်လို့ ပိတ်တာလား၊ ရောဂါတွေဖြစ်လို့ ပိတ်လိုက်တာလားတော့ မသိရသေးပါဘူး”
ဝမ်းရောဂါဖြစ်သူတချို့ ပြန်လည်ကောင်းမွန်လာပေမဲ့ တချို့က ရောဂါပြင်းထန်တဲ့အတွက် ထောင်ဆေးရုံမှာ ဆေးကုနေရတယ်လို့ ဆိုပါတယ်။
ရောဂါဖြစ်နေသူတွေအတွက် မိသားစုကပေးပို့တဲ့ ဆေးဝါးနဲ့ အစားသောက် ပါဆယ်တွေကို ထောင်အာဏာပိုင်တွေက အကန့်အသတ်နဲ့သာ လက်ခံပြီး အပြည့်အဝ ပေးပို့ချင်ရင် ထောင်အာဏာပိုင်တွေကို ပိုက်ဆံထပ်ပေးရတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီဌာနပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဥ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာနေပြီး နိုင်ငံရေးအကျဥ်းသားတွေပိုပြီး ဖိနှိမ်ခံနေရတယ်လို့ စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေက လွတ်လာမြောက်လာသူ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီလ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၁၆၂၀ ဦး) ရှိပြီး အဲဒီအထဲက တစ်သောင်းကျော် (၁၀၀၉၈ ဦး) က ထောင်ချခံထားရပါတယ်။