ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ လူနှစ်ထောင်ကျော် စုရုံးဆန္ဒပြ


2014.03.26
bangladesh-protest-305.jpg ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရ်ှသံရုံးရှေ့မှာ လူပေါင်း ၂ ထောင်ကျော် ဆန္ဒပြကြစဉ်
photo: Kyaw Htoon Naing/RFA

ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရ်ှသံရုံးရှေ့မှာ လူပေါင်း ၂ ထောင်ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အိတ်ဖွင့်ပေးစာပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေနဲ့ မောင်တောမြို့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ်ထဲထည့်သွင်း ဖို့ အဲဒီ Dhaka Tribune က ရေးသားတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးရက္ခဝံသက မိန့်ပါတယ်။

"ဦးဇင်းတို့ နိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးကလွဲလို့ နိုင်ငံခြားသားဆိုတာ လုံးဝမရှိဘူး၊ အဲဒါကြောင့် ထည့်ပေးစရာအကြောင်း မရှိဘူးပေါ့၊ ဘူးသီးတောင်ရယ်၊ မောင်တောရယ် ရခိုင်ပြည်နယ် မှာရှိတဲ့ ဒီမြို့နှစ်မြို့ကို ဘင်္ဂလားဒေ့ရှ်နယ်မြေထဲမှာ ထည့်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေရှိတယ်၊ အဲဒီအချက်နှစ်ချက်ကို ဦးဇင်းတို့က ငါတို့ ရခိုင်မြေတွေ တစ်လက်မမှ ဦးဇင်းတို့မပေးနိုင်ဘူး၊ အဲဒီအချက်နှစ်ချက် ဦးဇင်းတို့က ဆန္ဒပြတာပါ"

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောစတဲ့ မြို့တွေမှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်သူတွေများကြောင်းနဲ့ ရုရှနဲ့ ခရိုင်းမီးယား ပြည်နယ်အရေးလို ရခိုင်ပြည်နယ်က အဲဒီလူတွေကို ဆန္ဒခံယူပွဲကျင်းပပြီး မွတ်စလင်တွေနေထိုင်တဲ့ အဲဒီမြို့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်ထဲ ပေါင်းလိုက်လို့ရကြောင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhakha Tribune သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားခဲ့တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပြန်လည်တောင်းပန်ဖို့ လိုအပ်ကြောင်း ဆန္ဒပြသူတွေပေးအပ်တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။

ဆန္ဒပြသူတွေဟာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ကနေ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ ပြည်သူ့ရင်ပြင်ရှေ့ထိ ရိုဟင်ဂျာ အလိုမရှိကြောင်း ကြွေးကြော်သံတွေ အော်ဟစ်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို အစိုးရက အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် White Card ကိစ္စနဲပပတ်သက်တဲ့ ပြည်ထောင်စုအစိုးရရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ကိုလည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။