ရေးမြို့နယ် နှစ်ကရင်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရ၊ ရွာသားသုံးဦး သေဆုံး

RFA Burmese
2023.06.27
ရေးမြို့နယ် နှစ်ကရင်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရ၊ ရွာသားသုံးဦး သေဆုံး ကျားဖြူတပ်ခွဲမှ တပ်ဖွဲ့ဝင်များအား ၂ဝ၂၃ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
Albino Tiger Company-1

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက နှစ်ကရင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဇွန်လ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာပဲ နှစ်ကရင်ကျေးရွာကို Mi 35 ရဟတ်ယာဥ်နှစ်စီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ကျားဖြူတပ်ခွဲ (၁) တပ်ခွဲမှူး ဗိုလ်ကျော်ဟိန်း က ပြောပါတယ်။

“နှစ်ကရင်ရွာသား သုံးယောက်သေတယ် တော်တော်များများထိခိုက်ဒဏ်ရာရကြတယ်။ ရန်သူဘက်က ကိုးယောက် သေဆုံးပြီး တစ်ယောက်ပြင်းထန် ဒဏ်ရာရတယ်လို့တော့ ကြားပါတယ်။ လေယာဉ်ပစ်ကူတွေ လာတော့ ရွာနာမှာ ကြောက်လို့ ပြန်ဆုတ်ပေးလိုက်တယ်။”

ဇွန်လ ၂၅ ရက်နေ့က ကျားဖြူစစ်ကြောင်းနဲ့ တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ နှစ်ကရင်ကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ကိုးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇွန်လ ၂၆ ရက်နေ့ နေ့လယ်မှာလည်း နှစ်ကရင်ရွာကို ရဟတ်ယာဥ်နဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးနေရတဲ့ ဒေသခံအရေအတွက်ကို အတိအကျမသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မှာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှာ စိုးရိမ်နေကြတာကြောင့် ဒေသခံတွေဟာ ဆွေမျိုးနေအိမ်တွေနဲ့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။