ရန်ကုန်သပိတ်လှုပ်ရှားမှုတွေလုပ်တဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဆက်စပ်သူတချို့ ဖမ်းဆီးခံရ
2024.05.13

ရန်ကုန်မြို့ပေါ်မှာ မြေပြင်သပိတ်လှုပ်ရှားမှုတွေလုပ်တဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က စီမံရေးရာတာဝန်ခံနဲ့ မြေပြင်သပိတ်လှုပ်ရှားသူ အမျိုးသမီးနှစ်ဦးအပါအဝင် ဆက်စပ်သူတချို့ကို မေလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုရေဘဝဲက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရေဘဝဲအဖွဲ့ဝင် အမျိုးသမီးနှစ်ဦးက အသက် ၂၁ နှစ်နဲ့ ၂၇ နှစ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရေကြည်အိုင် စစ်ကြောရေးနဲ့ ရွှေပြည်သာ စစ်ကြောရေးတို့မှာ ရောက်နေတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးနဲ့ ဆက်စပ်တဲ့ အုပ်ထိန်းသူ အပါအဝင် နောက်ထပ် နှစ်ဦးခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ ကိုရေဘဝဲက ပြောပါတယ်။
“စီမံရေးရာတာဝန်ခံကတော့ သူ နေထိုင်ရာမြို့နယ်က အိမ်အပြန်မှာ အဖမ်းခံရတာ။ နောက်တစ်ယောက်ကတော့ လှည်းတန်းကအဆောင်မှာ အဖမ်းခံလိုက်ရတာ။ ပြီးတော့ သူတို့နဲ့ ပတ်သက်တယ်ဆိုပြီး အုပ်ထိန်းသူတွေနဲ့ ပြည်သူနှစ်ဦးထက် မနည်းကိုလည်း ဖမ်းထားပါတယ်”
ရေဘဝဲအဖွဲ့ဝင်တွေ ဖမ်းဆီးခံရပေမဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တည်ထောင်သူ မဇူးဇူးမေယွန်းကတော့ စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်လေ့ရှိတာကြောင့် ရေဘဝဲအဖွဲ့က အမျိုးသမီးနှစ်ဦး ဖမ်းဆီးစစ်ကြောခံနေရတဲ့အပေါ် စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်သူ လူပေါင်း နှစ်သောင်းကျော် (၂၀,၄၃၄ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။