အွန်လိုင်းကနေ ငွေကြေးလိမ်လည်သူ ၉၅ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီ ကြေညာ
2023.10.27

ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ အင်းစိန်မြို့နယ်တို့မှာ ရုံးခန်းဖွင့်လှစ်ပြီး ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်ရှာဖွေစုဆောင်းကာ ငွေကြေးလိမ်လည်နေသူ ၉၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက အောက်တိုဘာ ၂၇ ရက်နေ့ညက ကြေညာခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာ တာမွေမြို့နယ် ဦးချစ်မောင်အိမ်ရာက Supportfix ကုမ္ပဏီရုံးခန်းကနေ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၈၈ ဦးကို ငွေကြေးလိမ်လည်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တစ်ဦးရဲ့ ထွက်ဆိုချက်နဲ့ အင်းစိန်မြို့နယ်က တိုက်ခန်းတစ်ခုကို ဝင်ရောက်ရှာဖွေရာမှာ အမျိုးသား ငါးဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ခုနစ်ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဦးချစ်မောင်အိမ်ရာက Supportfix ကုမ္ပဏီအတွက် ဝန်ထမ်းရှာဖွေပေးတဲ့ ကမာရွတ်မြို့နယ် Time City မှာ ရုံးခန်းဖွင့်ထားတဲ့ Zhan Tu ကုမ္ပဏီပိုင်ရှင် ရန်လုံရှင်းဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ကုမ္ပဏီရုံးခန်းကို ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေဟာ ပြည်ပနိုင်ငံသားတွေဆီကနေ ငွေကြေးလိမ်လည်ဖို့ ပစ်မှတ်တွေ ရှာဖွေစုဆောင်းရပြီး၊ ဝန်ထမ်းတွေက အဖွဲ့လိုက်နဲ့ လူမှုကွန်ရက်ကတစ်ဆင့် ပြည်ပနိုင်ငံသားတွေကို ရှာဖွေချိတ်ဆက်ကာ အချက်အလက်ရယူတာတွေ လုပ်ဆောင်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ငွေကြေးလိမ်လည်မယ့်အဖွဲ့တွေကို အချက်အလက်တွေ ပြန်လည်ရောင်းချတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၉၅ ဦးကို တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ကြေညာခဲ့တာဖြစ်ပါတယ်။