ကျားဖြန့်ဂိုဏ်းက လွတ်မြောက်လာသူ ထောင်နဲ့ချီ မြန်မာမှာ သောင်တင်နေ
2025.03.10

ငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေက ကယ်တင်ထားတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနယ်စပ်အနီးမှာ သောင်တင်နေပြီး မြန်မာအာဏာပိုင်တွေက ထိန်းသိမ်းထားကြောင်း The Indian Express က မတ်လ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။
သူတို့ဟာ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရဘဲ ပြည့်ကြပ်နေတဲ့အခန်းတွေမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်း နိုင်ငံပေါင်းစုံ ပူးပေါင်းနှိမ်နင်းရာက ငွေလိမ်ဂိုဏ်းတွေက နိုင်ငံခြားသား ခုနစ်ထောင်ကျော် လွန်မြောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ သူတို့ကို နေရပ်ပြန်ပို့ရမဲ့အစား ဆိုးရွားတဲ့ အခြေအနေနဲ့ ဆက်လက်နေထိုင်နေရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက သူတို့နိုင်ငံသားတွေကို လေကြောင်းက ပြန်ခေါ်ယူဖို့စီစဉ်ခဲ့ကြပေမဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အာဖရိကအပါအဝင် တခြားနိုင်ငံသားတွေကတော့ ထိုင်းနယ်စပ်အနီးမှာ ဆက်လက်သောင်တင်နေတာပါ။
အခုလို သောင်တင်ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲမှာ လေကြောင်းက နေရပ်ပြန်ခေါ်ဖို့ မတတ်နိုင်တဲ့ အီသီယိုးပီးယားလို နိုင်ငံတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကလည်း သောင်တင်နေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက နေရပ်ပြန်ခေါ်ဖို့ ဆောင်ရွက်တာမရှိရင် သူ့နိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ခွင့် ပေးမထားပါဘူး။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား အယောက် ခုနစ်ထောင်နီးပါးကို အမြန်ဆုံးပြန်ခေါ်ကြဖို့ သက်ဆိုင်ရာနိုင်ငံအစိုးရတွေကို ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) ကလည်း ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက တိုက်တွန်းထားပါတယ်။