မြဝတီကလူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော် နေရပ်ပြန်ဖို့ ကြိုးစားနေ

RFA Burmese
2025.03.06
မြဝတီကလူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော် နေရပ်ပြန်ဖို့ ကြိုးစားနေ ကရင်ပြည်နယ် မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွင် လုပ်ကိုင်နေသည့် အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

လူကုန်ကူးခံရပြီး ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ကိုရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၂၅ ယောက် နေရပ်ပြန်နိုင်ဖို့ ကြိုးစားနေတုန်းပဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားကြောင်း ANTARA သတင်းမှာ မတ် ၆ ရက်က ဖော်ပြပါတယ်။

နေရပ်ပြန်ဖို့ ကြိုးစားနေဆဲသူတွေရဲ့ အရေအတွက်ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေ၊ ဒေသတွင်း အာဏာပိုင်တွေနဲ့ သတင်းတွေအရ သိရတဲ့ ဦးရေဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံသားတွေ အကာအကွယ်ပေးရေးနဲ့ ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူး Judha Nugraha က ပြောပါတယ်။

နောက်ဆုံးရရှိတဲ့ စာရင်းအရ ၅၂၅ ယောက်ဆိုတာ အလွန်များတဲ့ ဦးရေဖြစ်ပါတယ်လို့လည်း ဂျကာတာမှာ ကြာသပတေးတေးနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံသားတွေပြန်ခေါ်နိုင်ဖို့ ကြားက တစ်ဆင့်ပြန်ပို့ပေးမယ့် ထိုင်းအာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ဒါတင်မက မြဝတီမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး တစ်ယောက်မှ ပိတ်မိမနေအောင် မြန်မာစစ်ကောင်စီနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံကနေ အင်ဒိုနီးရှား အယောက် ၁၃၀ ကို နှစ်သုတ်ခွဲပြီး ဖေဖော်ဝါရီ ၂၀ နဲ့ ၂၇ ရက်မှာ မူရင်းနိုင်ငံကို ပြန်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။