မြဝတီငွေလိမ်လုပ်ငန်းက နောက်ထပ် တရုတ်နိုင်ငံသား ၄၅၀ ကျော်ကို နေရပ်ပြန်ပို့
2025.03.07

ကရင်ပြည်နယ်၊ မြဝတီမြို့ ငွေလိမ်လုပ်ငန်းများကဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား နောက်ထပ် ၄၅၀ ကျော် (၄၅၆ ဦး) ကို ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့နဲ့ စစ်ကောင်စီက ထိုင်းအာဏာပိုင်တွေထံကို မတ်လ ၇ ရက်နေ့ကလွှဲပြောင်းပေးခဲ့ပါတယ်။
သူတို့တွေကို မဲဆောက်-မြဝတီ တံတား အမှတ် (၂) ကတစ်ဆင့် လေကြောင်းခရီးစဉ် ခြောက်ကြိမ်နဲ့ တရုတ်နိုင်ငံကို ဆက်ပြီး လွှဲပြောင်းနေတယ်လို့ မြဝတီ BGF ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောပါတယ်။
"ကျားဖြန့်တရုတ်တွေက မနေ့က ၄၅၆ ယောက်၊ ဒီနေ့ ၄၅၆ ယောက် ထပ်ပို့တာ၊ ဒုတိယနေ့ပေါ့။ လေယာဉ်တစ်စင်းကို ၇၆ ယောက်၊ ဒီနေ့လယ် ခြောက်ခေါက်သယ်မယ်ဆိုတော့ ၄၅၆ ယောက်ပေါ့။ စကစရဲ့ လဝက တို့၊ စရဖ တို့၊ ထွေအုပ် တို့ မြန်မာဘက်တံတား (၂) မှာ စာရင်းတိုက်စစ်ပြီးရင် ထိုင်းဘက်က ကားကြီးနဲ့ သယ်ပြီး လေဆိပ်ဆက်ပို့တာပေါ့"
မြဝတီမြို့က ငွေလိမ်လုပ်ငန်းတည်ရှိရာ ရွှေကုက္ကိုနဲ့ မယ်ထော်သလေးကျေးရွာအနီးက KK Park၊ AA Park၊ ဧကတစ်ရာခြံဝင်းတွေကနေ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို စစ်ကောင်စီဌာနဆိုင်ရာတွေက စစ်ဆေးမှတ်တမ်းယူပြီး ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။
အခုလို တရုတ်နိုင်ငံသားတွေကို သူ့အစိုးရက လာရောက်ခေါ်ယူပေမဲ့ အင်ဒိုနီးရှား၊ အာဖရိက၊ အီသီယိုပီးယား၊ ပါကစ္စတန်၊ အိန္ဒိယ အပါအဝင် နိုင်ငံ ၂၉ နိုင်ငံက ကျား/ မ ငါးထောင်ဝန်းကျင် ကျန်ရှိနေသေးကြောင်း၊ သူတို့အတွက် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် နေထိုင်ရေးတွေအတွက် တစ်နေ့ကို ကျပ်ငွေ သိန်းသုံးထောင်ခန့် ကုန်ကျနေကြောင်းလည်း အဲဒီ သတင်းအရင်းအမြစ်က ပြောပါတယ်။
အခု ရက်ပိုင်းမှာ BGF က ငွေလိမ်လုပ်ငန်းနဲ့ လူမှောင်ခိုတွေကို ရှာဖွေဖမ်းဆီးတဲ့အစီအစဉ် ရပ်နားထားပြီး တရုတ်နိုင်ငံသား ၁၄၀၀ ကျော် ပြန်ပို့တဲ့ကိစ္စကို လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေပြန်ပို့ပြီးရင် အင်ဒိုနီးရှားနိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာသံရုံးတွေက လက်ခံလွှဲပြောင်းယူမဲ့သူတွေကို ပြန်လည်လွှဲအပ်ဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။