မြဝတီ ကျားဖြန့်လုပ်ငန်းက ဂျပန်နိုင်ငံသား နှစ်ဆယ်ခန့် ပျောက်ဆုံးနေ
2025.02.26

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ ရှိနေတယ်လို့ ယူဆရတဲ့ ဂျပန်နိုင်ငံသား နှစ်ဆယ်ခန့်ဟာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘဲ ပျောက်ဆုံးနေကြောင်း Japan Today က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။
ပျောက်ဆုံးနေသူတွေထဲက ဆယ်ဦးက ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးက ငွေလိမ်လုပ်ငန်းတွေကနေ ထွက်ပြေးတဲ့ နိုင်ငံခြားသားတွေထဲမှာ ပါဝင်နိုင်တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှာ ပြောထားတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံသား နှစ်ဆယ်ခန့်ဟာ ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်နိုင်သလို တခြား နေရာကို ရွှေ့ပြောင်းခံလိုက်ရတဲ့ လူကုန်ကူးခံရသူတွေလည်းဖြစ်နိုင်တယ်လို့ Japan Today က ဖော်ပြပါတယ်။
ထိုင်းအစိုးရအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ ဂျပန်နိုင်ငံသား လူငယ်နှစ်ဦးကို ငွေလိမ်ဂိုဏ်းတွေကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှိမာဆာ ဟေယာရှိ (Yoshimasa Hayashi) ကတော့ ဂျပန်အစိုးရအနေနဲ့ ဂျပန်နိုင်ငံသားတွေကို ကယ်တင်ထားတာ ဒါမှမဟုတ် ဖမ်းဆီးခံရတဲ့သတင်း မရရှိသေးဘူးလို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြောကြားထားကြောင်း Japan Today က ဖော်ပြပါတယ်။
ဂျပန်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း -မြန်မာနယ်စပ် ငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံက လွှဲပြောင်းလက်ခံရာမှာ အထက်တန်းကျောင်းသား လူငယ်နှစ်ဦးအပါအဝင် ဂျပန်နိုင်ငံသား ခုနစ် ဦး ပါဝင်ခဲ့တယ်လို့ Japan Today က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဖော်ပြထားပါတယ်။