ရခိုင်အရေး ကုလစုံကော်ဖွဲ့ဖို့ အထူးကိုယ်စားလှယ် တိုက်တွန်း


2017.03.13
yangheelee-maungtaw-trip-620.jpg ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကို သွားရောက်ဖို့အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်တွေမြို့ကို ရောရှိလာစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ကုလသမဂ္ဂ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် က ၃၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် ညီလာခံမှာ တနင်္လာနေ့က တိုက်တွန်း လိုက်ပါတယ်။

ဒါ့ပြင် မြန်မာအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခေါ် မွတ်စလင်အားလုံး တိုင်းပြည်မှာ မနေနိုင်အောင် အကြမ်းဖက်နည်းလမ်းတွေ နဲ့ နှင်ထုတ်နိုင်ရေးဟာ အစိုးရရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်နိုင်တယ် ဆိုတာ အထောက်အထားတွေ ပြသနေကြောင်း၊ အဲဒီ ရည်မှန်းချက်အရ သူတို့ကို တိုင်းပြည်က မောင်းထုတ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောဆိုခဲ့တယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေ အပေါ်၊ ကုလသမဂ္ဂ က အဆင့်မြင့် စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေလို ကြောင်းလည်း ပြောပါ တယ်။ စုံစမ်းရေးကော်မရှင်ဆို လွတ်လပ်ရမှာဖြစ်ပေမဲ့၊ မြန်မာအစိုးရ ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်မှာ စစ်တပ် အရာရှိ ဟောင်းတွေအပြင် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိကြီးတွေပါဝင်နေကြောင်း၊ အဓိက သက်သေတွေ၊ အထောက်အထားတွေကို လည်း အကာအကွယ်ပေးမှာ မဟုတ်ကြောင်းလည်းပြောပါတယ်။ ဒါ့ပြင် ကချင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေလို့ တရုတ်ပြည်ဘက်ကို ထောင်နဲ့ချီ ထွက်ပြေးနေတယ်ဆိုတဲ့ သတင်းတွေကြားနေရပေမဲ့၊ အခြေအနေမှန် မသိရသေးကြောင်းလည်းပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးထင်လင်းကတော ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး အဆိုပြုချက်ကို မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ကြောင်း၊ မြန်မာအနေနဲ့ ရခိုင်ပြဿနာကို ပြည်တွင်းမှာပဲ ပြေ လည်အောင် ကြိုးစားဖြေရှင်းနေကြောင်း၊ အခြေအနေ ရှုပ်ထွေးလွန်းနေတဲ့ အပေါ် နိုင်ငံတကာအနေနဲ့ နားလည်စေလိုကြောင်း၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ခရီးစဉ်အတွင်း အတတ်နိုင်ဆုံးပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ပါလျက်နဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်လွန်းကြောင်း ပြောဆိုခဲ့တယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။