ယန်ဟီးလီ မြန်မာနိုင်ငံကို လာမည်
2017.07.08

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ နောက်ဆုံး အခြေအနေတွေကို လေ့လာ ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို ဇူလိုင်လ ၁ဝ ရက်ကနေ ၂၁ ရက်အထိ ထပ်မံသွားရောက်မယ်လို့ ကုလသမဂ္ဂ ရုံးက ကြေညာလိုက်ပါတယ်။
မနေ့ကရတဲ့ သတင်းအရ အခုခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်အပြင် ရခိုင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံခေါင်းဆောင်တွေကို တွေ့ဆုံ ပါလိမ့်မယ်။
ယန်ဟီးလီက အရင်ခရီးစဉ်မှာ ရှမ်းပြည်က နေရာတချို့ကို လုံခြုံရေးအကြောင်းပြချက်နဲ့ သူမကို သွားရောက်ခွင့် မပြုခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် မြန်မာအစိုးရနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ဖို့ ရည်ရွယ် ပါကြောင်း၊ ဒါ့အပြင် ရင်းနှီးပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ရှုမြင်သုံးသပ်မှုတွေကနေ မြန်မာပြည်မှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ အခု ဆဌမအကြိမ်မြောက် ခရီးစဉ်က လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ဘန်ကောက်လာတဲ့ တခြားသတင်းတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီးက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရိုဟင်ဂျာမွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ အရေးကြီးကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြ ထားပါတယ်။
ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံခံနေရကြောင်းနဲ့ ဆင်းရဲပြီး ဖွံံ့ဖြိုးမှုနိမ့်ကျတဲ့ဒဏ်ကို ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုင်းအဝန်း နှစ်ရပ်လုံး ခံစားနေရကြောင်းလည်း ဂရမ်းဒီး ကပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားမြန်မာခေါင်းဆောင်တွေက ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်လာစေလိုကြောင်း မိမိကိုပြောကြပါတယ်၊ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေအတွက် စားဝတ်နေရေးနဲ့ လုံခြုံရေး အာမခံချက်ရှိဖို့လိုပြီး သူတို့သဘောဆန္ဒအရ နေရပ်ပြန်တာမျိုးပဲ ဖြစ်ရပါလိမ့်မယ် လို့လည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီးက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။