ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် အစီရင်ခံစာအပေါ် တုံ့ပြန်ချက်


2019.07.19
yangheelee-622.jpg မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံကို ဝင်ခွင့်မရခဲ့သလို အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားကို သွားရောက်တဲ့ ခရီးစဉ်မှာလည်း အနှောင့်အယှက်တွေ ရှိခဲ့တယ်ဆိုပြီး မြန်မာအစိုးရကို စွပ်စွဲလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ ပြောဆိုချက်တွေကို အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မြန်မာအစိုးရအပေါ် စွပ်စွဲတာမလုပ်သင့်ဘူးလို့ တုံ့ပြန်ပြောလိုက်ပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်မရခဲ့ပေမယ့် အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို သွားရောက်ပြီး ဒီနှစ် စက်တင်ဘာလမှာကျင်းပမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးနဲ့ အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေ ကို စုဆောင်းခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာအစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ပြီး နိုင်ငံတကာက စိစစ်အရေးယူမှုတွေကို တိမ်းရှောင်နိုင် ဖို့ အိမ်နီးနားချင်းနိုင်ငံအစိုးရတွေကို ဖိအားပေးနေပုံရတဲ့အတွက် အထူးစိုးရိမ်ကြောင်းနဲ့ သူ ထိုင်းနိုင်ငံကို သွားရောက် စဉ်ကလည်း ကြားဝင်နှောင့်ယှက်မှုတွေကြောင့် ခရီးစဉ်တချို့ကို ဖျက်ခဲ့ရပြီး ဒီအချက်ကို ပေါ့ပေါ့ထားလို့ မရဘူးလို့ မစ္စယန်ဟီးလီက အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းတာကို လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မချယ်ရီဇဟောင်းက အခုလိုပြောပါတယ်။

"သူက အရှေ့တောင်အာရှနိုင်ငံတွေကို ဖိအားလည်းပေးတယ်၊ ဥပမာဆို စင်္ကာပူက အေအေ အဖွဲ့တွေကို ထောက်ခံတဲ့သူတွေကို ဖမ်းပြီးပို့လိုက်တာမျိုးတွေ၊ ထိုင်းနိုင်ငံမှာအခြေပြုတဲ့ အဖွဲ့အစည်းတွေ အစည်းအဝေး မလုပ်နိုင်အောင် ဖိအားပေးလုပ်တာမျိုးတွေ၊ ယန်ဟီးလီနဲ့ တွေ့လို့မရအောင် လိုက်နှောင့်ယှက်တဲ့ဟာမျိုးတွေ အာဆီယံနိုင်ငံတွေက လုပ်နေတဲ့အခါကျတော့ လူ့အခွင့်အရေး လိုက်နာလေးစားဖို့ တွန်းအားပေးနေတဲ့အချိန်မှာ ဘေးနားကသွားပြီး အားပေးနေသလိုသဘောမျိုးရောက်နေတယ်၊ ယန်ဟီးလီက ဒီတစ်ကြိမ်မှာ ဒါတွေထောက်ပြ သင့်တာကြာပြီဆိုတာ တွေ့ရတယ်၊ ကိုယ့်အိမ်နီးနားချင်းနိုင်ငံတွေက ဒီလိုလူ့အခွင့်အရေးချိုးဖောက်နေတာ သိတယ်၊ မြင်တွေ့နေရတယ်၊ သူတို့ရဲ့နိုင်ငံတွေကို ဆိုးကျိုးဖြစ်စေတာကို လမ်းမှန်ရောက်အောင်တည့်ပေးရမှာ၊ တပ်နဲ့ အစိုးရက တောင်းဆိုတာတွေလိုက်လုပ်ပေးနေရင် လူ့အခွင့်အရေး တိုးတက်လာဖို့က တော်တော်လေး ခက်ခဲနေဦးမှာပဲ"

ဒါနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းက အခုလို မှတ်ချက်ပေးပါ တယ်။

"ယန်ဟီးလီက ကျွန်တော်သတိထားကြည့်မိတာ ကျွန်တော်တို့နိုင်ငံကိုအကောင်းမမြင်ဘူးဗျ၊ တစ်ခြားနိုင်ငံတွေ လုပ်ခဲ့သလိုပဲ တရုတ်တို့ အင်ဒိုနီးရှားတို့မှာ အဲလိုသဘောထားမမှန်တဲ့ကိုယ်စားလှယ်တွေကို လက်မခံ တာပေါ့နော်၊ အဲလို ဆိုရင် ပြည်တွင်းမှာလည်းမှန်ကန်တဲ့ သတင်းအချက်အလက်တွေမရနိုင်ဘူး၊ အပြင်က ရသလောက်နဲ့ မကောင်းတဲ့ အချက်အလက်အနည်းငယ်ကို သူက တစ်ဆိတ်ကိုတစ်အိတ်လုပ်တာပေါ့"

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ပိုဆိုးလာကြောင်း၊ မြို့နယ် ကိုးခုမှာ မိုဘိုင်းအင်တာနက် လိုင်းတွေ ဖြတ်တောက်ထားတာကလည်း လက်ခံနိုင်စရာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က မြို့နယ် သုံးခုမှာ ဆိုးဝါးတဲ့ရေကြီးမှုတွေဖြစ်ပေါ်နေပြီး အင်တာနက် ဆက်သွယ်မှုမရတဲ့ အတွက် ဒေသခံတွေဟာ ကြိုတင်သတိပေးမှုတွေ မရရှိနိုင်တော့ဘဲ နေအိမ်တွေ ပျက်စီးဆုံးရှုံးရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသလို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးအပ်သူတွေအနေနဲ့လည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်တော့ကြောင်းနဲ့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကို ပိုဒုက္ခရောက်အောင် အင်တာနက် ပိတ်ထားတာလားလို့ မစ္စယန်ဟီးလီက အစီရင်ခံစာထဲမှာ မေးခွန်းထုတ်ထားပါတယ်။

ဒီကိစ္စတွေကို ဇူလိုင်လ ၁၇ ရက်နေ့က လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ပယ်ချခံလိုက်ရတဲ့ ရသေ့တောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က အခုလို ပြောပါတယ်။ရသေ့တောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကို တွေ့ရစဉ်

"နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတယ်လို့ပဲမြင်တယ်ပေ့ါ၊ သူတို့က တစ်ဖက်သက်အမြင်နဲ့ပေါ့၊ ဆက်သွယ်ရေးကပုဂ္ဂိုလ် တစ်ယောက်က ဖြေသွားတယ်၊ ဒါ အမုန်းတရားတွေ ပိုပြီးတော့ ကြီးထွားလာစေ တယ်ပေ့ါ၊ တရားဥပဒေစိုးမိုးမှု အားနည်းတယ်၊ တည်ငြိမ်အေး ချမ်းရေး ပျက်ပြားစေတဲ့အတွက် သူတို့ လုပ်ထားတယ်လို့ အကြောင်းပြချက်တွေ သိထားတယ်၊ ဒီလိုမုန်းတီးမှုတွေက တစ်ဖက်တည်းပဲလုပ်နေတာလား၊ တစ်ဖက်တည်းကို ပိတ်လိုက် တာက ဒီအမုန်းတရားတွေက လျော့သွားလားဆိုတာ စဉ်းစား ကြည့်လို့ရတယ်"

မစ္စယန်ဟီးလီဟာ သူ တွေ့ဆုံမေးမြန်းသူတွေရဲ့ ပြောပြချက်အရ ရခိုင်ပြည်နယ်မှာ ရွာ သုံးရွာကို နှစ်ပတ်အတွင်း အစိုးရစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပြီး ဒီအဖြစ်အပျက်မျိုးတွေကို ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေအတွင်း ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ တွေ့ခဲ့ဖူးသလို ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း ရိုဟင်ဂျာလူမျိုးတွေအပေါ် ဒီလိုလုပ်ရပ်မျိုး ကျူးလွန်ခဲ့ကြောင်း ထောက်ပြထားပါတယ်။

အင်တာနက် လူမှုကွန်ယက်တွေမှာ အမုန်းတရားနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေရှိနေပြီး အမုန်းစကားတွေနဲ့ သတင်းအချက်အလက်မှားတွေကို  ဖြန့်ဖြူးနေတဲ့ Facebook အကောင့်တုတွေကို ရီပို့လုပ်ခဲ့ပြီးတဲ့နောက် သူ့ကိုယ်ပိုင်အကောင့်ပါ အပိတ်ခံခဲ့ရတယ်လို့လည်း မစ္စယန်ဟီးလီက အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြေယာပိုင်ဆိုင်မှုအခွင့်အရေးကိစ္စဟာလည်း နောက်ထပ်ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး နိုင်ငံတော် မြေယာ အသုံးချမှု မူဝါဒနဲ့ကိုက်ညီတဲ့ မြေယာဥပဒေရေးဆွဲတာမှာလည်း တိုးတက်ဖြစ်ထွန်းမှု မရှိဘူးလို့ဆိုပါတယ်။

ယန်ဟီးလီရဲ့ လက်ရှိNLD အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က အခုလို တုံ့ပြန်ထားပါတယ်။NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်

"ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို ဒီထက်ပိုပြီးတော့ တင်ပြနိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မစ္စယန်ဟီလိရဲ့အစီရင် ခံစာတွေဟာ တစ်နည်းတစ်ဖုံ အကျိုးပြုသင့်တယ်လို့ မြင်တယ်"

စစ်တိုင်း ငါးခုမှာ အပစ်အခတ်ရပ်စဲရေးကြေညာခဲ့တာဟာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ရည်ရွယ်တာဖြစ်ပေမယ့် တပ်မတော်က မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ AA ကို ချေမှုန်းဖို့ ကြိုးစားနေတဲ့ အလျှောက် ယုံကြည်မှုတည်ဆောက်လို့မှာ မဟုတ်ကြောင်း၊ အပစ် အခတ်ရပ်စဲရေး ကြေညာထားပြီး တစ်ဖက်မှာလည်း ရှမ်းပြည်နယ်က SSPP အဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က သွားရောက်ညှိနှိုင်းပြီးနောက် ချက်ခြင်းဆိုသလို တပ်မတော်ဖက်က တိုက်ခိုက်ခဲ့တာဟာ တကယ်ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ စိတ်ဝင်စားမှုမရှိတာကို ပြသနေတာဖြစ်တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မစ္စယန်ဟီးလီက တပ်မတော်အပေါ် စွပ်စွဲပြောဆိုထားတာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလို တုံ့ပြန်ပြောကြားပါတယ်။

"မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးဖို့ NRPC က ပြောထားတာရှိတယ်၊ Bilateral လည်းပြန်ပေးထားတာရှိတယ်၊ AA ကတော့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲမှာပြောထားတာ တစ်ကဏ္ဍပါခင်ဗျ၊ AA နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှာမဟုတ်ပါဘူး၊ အရင်တုန်းက အဖြူရောင်နယ်မြေထဲမှာဝင်လာပြီးတော့ AA က ဝင်လာပြီးတော့ ပဋိပက္ခဖြစ်ပွားလာရတဲ့ နယ်မြေဖြစ်တယ်၊ အဲဒီမှာတော့ ကျွန်တာ်တို့ အသိအမှတ်ပြုနိုင်ဖွယ်ရာမရှိဘူး၊ ကျန်တဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ထိခိုက်တယ်ဆိုတဲ့ အကြောင်းအရင်းမှာလည်း ကျန်တဲ့ သုံးဖွဲ့နဲ့တော့ ကျွန်တော်တို့ ထိခိုက်နိုင်စရာအကြောင်းမရှိဘူးလို့ မြင်ပါတယ်"

အစီရင်ခံစာရဲ့ အဆုံးသတ်အနေနဲ့ မစ္စယန်ဟီးလီက မြန်မာအစိုးရကို သူ့ရဲ့ တာဝန်ထမ်းဆောင်မှုမှာ ပူးပေါင်းပါဝင်တဲ့ ပြည်သူတွေအပေါ် နှောင့်ယှက်၊ ခြိမ်းခြောက်တာနဲ့ ကလဲစားချေတဲ့လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်းနဲ့ ဒီလုပ်ရပ်တွေကို သည်းညည်းခံမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။