ရမည်းသင်းအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် နှိပ်စက်ခံနေရ

2022.10.31
ရမည်းသင်းအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် နှိပ်စက်ခံနေရ ရမည်းသင်းအကျဉ်းထောင်အား ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: We Love Yamethin

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၃၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

အခုရက်ပိုင်း အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ အပြင်ကို ပေးပို့လာတဲ့စာအရ အခုအောက်တိုဘာလလယ်ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ လက်မောင်းမှာ “ကမ္ဘာမကြေဘူး” စာသားတက်တူးက တွေ့ရှိတာကို အကြောင်းပြပြီး ထောင်အာဏာပိုင် တွေက ရိုက်နှက်ခဲ့တာလို့ ရေးသားထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်တာတွေအပြင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်တာတွေလည်း ပိုလုပ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လက်မောင်းမှာ ကမ္ဘာမကြေဘူး စာသားတွေ့လို့ ခေါ်ရိုက်ခံရတာ။ သူတို့ကတော့ မထင်ရင် မထင်သလို တန်းစီးနဲ့ ရိုက်ခိုင်းလိုက် သူတို့ကိုယ်တိုင် ရိုက်လိုက်နဲ့ ဦးချိုးတဲ့ပုံစံမျိုးပေါ့။ အခုနောက်ပိုင်းဆိုရင် ယင်ကောင်တွေပါ ဖမ်းခိုင်းတာ။ တစ်နေ့ကို ယင်ကောင် ဘယ်နှစ်ကောင်ဖမ်းရမယ်။ မရရင် ပိုက်ဆံတောင်းတာတို့ အဲဒီလိုမျိုးတွေ လုပ်တယ်”

ရိုက်နှက်တာအပြင် ဆဲဆိုကြိမ်းမောင်းတာ၊ ကျင်စက်နဲ့တို့တာ၊ ခြေကျင်းခတ်တာ၊ အဆောင်ပြောင်းတာ၊ တိုက်ပိတ်တာနဲ့ ထောင်ဝင်စာတွေထဲက ပစ္စည်းတွေကို ကြားဖြတ်ယူထားတာတွေလည်း ကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။

ရမည်းသင်းအကျဉ်းထောင်လိုပဲ မြင်းခြံနဲ့ ပခုက္ကူထောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား တွေကိုလည်း ထောင်အာဏာပိုင်တွေက နှိပ်စက်မှုတွေပိုလုပ်လာပြီး တချို့ဆိုရင် အသက်အန္တရာယ်ရှိတဲ့အထိ ရိုက်နှက်ခံခဲ့ရတယ်လို့ အဲဒီဒေသတွေမှာ အခြေစိုက်တဲ့ နိုင်ငံရေးအင်အားစုတွေက RFA ကို ပြောပါတယ်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကတော့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ ဖိနှိပ်တာမျိုးမရှိဘဲ ဥပဒေအတိုင်းပဲ ဆောင်ရွက်တယ်လို့ RFA ကို အခု အောက်တိုဘာလထဲမှာ ဖြေဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၈ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၁၂,၇၈၃ ဦးရှိပြီး အဲဒီအထဲက ၁,၆၀၉ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။