ရမည်းသင်းမြို့အနီး ရွာတန်းရွာ မီးရှို့ခံရ
2013.03.24
မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်က ရမည်းသင်းမြို့အနီး ရွာတန်းရွာမှာ မီးရှို့ခံရတဲ့အတွက် အဲဒီရွာက ဗလီတစ်လုံးအပါအဝင် အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့တဲ့အပြင်၊ ဖျက်ဆီးခံရတဲ့ အိမ် ၇ လုံးရှိတယ်လို့ ရမည်းသင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ဦးစီးအရာရှိ ဦးစိုးနိုင်က RFA ကိုအခုလိုပြောပါတယ်
"ည ၉ နာရီမှာ မီးလောင်တယ်လို့ သတင်းရလို့၊ ရမည်းသင်းမီးသတ်က တပ်ဖွဲ့ဝင်သုံးဦးနဲ့ မီးသတ်ယာဉ်တစ်စီးထွက်ခွာပြီး မီးငြိမ်းသတ်ခဲ့ပါတယ်၊ ပြောရင်တော့ ရှို့တာပေါ့၊ မီးသတ်သမားတွေကိုလည်း အဝေးကလေးခွနဲ့ ပစ်တာတွေ ရှိပါတယ်။"
ခုလိုမီးရှို့ခံရတာမှာ ဒေသခံတွေက ရှို့တာမဟုတ်ဘဲ ကား ၃ စီးဖြင့် လာရောက်သူတွေက ရှို့တာဖြစ်တယ်လို့ ရမည်းသင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သတင်းရကြောင်း ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
"ပြည်သူ့ရဲနဲ့ ကျတော်တို့ ညီတစ်ယောက်နဲ့ ပြန်ချိတ်မိတော့ ရွာတန်းကိုရှို့တာ ကားသုံးစီးနဲ့လာတယ်၊ ပြီးတော့ နေပူကုန်းကို လာပြီးရှို့တယ်၊ နေပူကုန်းက ပြန်လည်ခုခံတဲ့အတွက် အဲ့ကားသုံးစီးက ပြန်ပြီးတော့ ထွက်သွားတယ်၊ ရမည်းသင်းတပ်ဖွဲ့က သတင်းရတော့ နောက်ကလိုက်တော့ အမြန်လမ်းမပေါ် ကားသုံးစီးထွက်ပြေးတယ်လို့ နောက်ဆုံးသတင်းရပါတယ်၊ အဲ့ဒီမှာ သက်ဆိုင်ရာခရိုင် အာဏာပိုင်တွေနဲ့ မီးသတ်က သွားငြိမ်းရာမှာ နှိမ်နင်းတယ်လို့လည်း သတင်းရပါတယ်၊ ရမည်းသင်းမှာတော့ လတ်တလော တည်ငြိမ်တယ်လို့တော့ သတင်းရပါတယ်၊ ၁၁ နာရီလောက်ထိပေါ့ ခုတော့မသိသေးပါဘူး"
အခုမီးရှို့မူမှာ ပါဝင်ပတ်သက်သူ ၁၀၀ ခန့်ရှိကြောင်း ရမည်းသင်းမြို့ ခရိုင်ရဲတပ်ဖွဲ့က အရာရှိတဦးကလည်း ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။