ဝမ်းတွင်း ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ထောင်ဒဏ် နှစ် ၂၀၀ ကျော်အပြင် သေဒဏ်ပါချမှတ်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) အဖွဲ့ဝင်နှစ်ဦးကို မိထ္ထီလာအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀၀ ကျော်နဲ့အတူ သေဒဏ်ပါ ချမှတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၃၁ ရက် ဒီနေ့ RFA ကိုပြောပါတယ်။
နှစ်ဦးစလုံးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားစွဲခံရတာဖြစ်ပြီး အသက် ၃၀ အရွယ် ကိုကျော်သက်က အလုပ်နဲ့ ထောင်ဒဏ် ၂၂၅ နှစ်အပြင် သေဒဏ်၊ အသက် ၃၆ နှစ်အရွယ် ကိုနှင်းမောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၉၅ နှစ်အပြင် သေဒဏ်တွေကို အခု အောက်တိုဘာလထဲမှာပဲ ချမှတ်ခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သေဒဏ်က သေချာတယ်။ အမိန့်ချတဲ့နေ့ကို သူတို့မပြောဘူး။ အမှုတွေက အရမ်း များတယ်။ မိထ္ထီလာမှာ ဖြစ်ခဲ့တာတွေနဲ့ ဝမ်းတွင်းမှာ ဖြစ်ခဲ့တာအားလုံးကို သူတို့ နှစ်ယောက်အပေါ် အမှုတွေ တွဲကပ်လိုက်တာ"
အမှုတွေနဲ့ ပတ်သက်လို့ ဘယ်ပုဒ်မတွေ ပါဝင်တယ်၊ ဘယ်နေ့မှာ အမိန့်ချလိုက်တယ် စတဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြရေးသားလေ့ရှိတဲ့ ပြည်တွင်းမီဒီယာ တချို့မှာတော့ ဝမ်းတွင်းမြို့နယ်ထဲက ဘုန်းကြီးတစ်ပါး အသတ်ခံရမှု အပါအဝင် တခြား ပစ်ခတ် သတ်ဖြတ်မှုတွေအတွက် ထောင်ဒဏ်နဲ့ သေဒဏ်တွေကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ချမှတ်ခံရတာလို့ ရေးသားထားပါတယ်။
ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) ကတော့ အမိန့်တွေချမှတ်ခံရတာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး အမိန့်ချခံရတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကိုတော့ ဒီနေ့ညနေပိုင်းထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
အခု အမိန့်ချခံရသူနှစ်ဦး အပါအဝင် သုံးဦးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ တဲစုရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အသက် ၂၈ နှစ် အရွယ် ကိုညီညီကတော့ နေရာမှာတင် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အသက်မသေဘဲ အဖမ်းခံလိုက်ရတဲ့ ကိုကျော်သက်နဲ့ ကိုနှင်းမောင်တို့ကတော့ မိတ္ထီလာ အကျဉ်းထောင်တွင်း တရားရုံးကနေ တရားရင်ဆိုင်ခဲ့ရပြီး အခု အောက်တိုဘာလထဲမှာပဲ အမိန့်တွေ အသီးအသီး ချမှတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးနဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်း တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၈ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၁၂,၇၈၃ ဦးရှိပြီး အဲဒီအထဲက ၁၆၀၉ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။