မြင်းခြံမြို့နယ် တူရွင်းဘို့ရွာ ဗုံးကြဲခံရပြီး လေးဦး သေ၊ ရှစ်ဦး ဒဏ်ရာရ
2025.02.19

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား လေးဦး သေဆုံးပြီး နောက်ထပ် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ တူရွင်းဘို့ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ချိန် တစ်လုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ကြဲချခဲ့တဲ့ ဗုံးအားလုံးသာ ပေါက်ကွဲခဲ့ရင် သေဆုံး၊ ဒဏ်ရာရတဲ့ အရပ်သားဦးရေ ဒီထက်မက များနိုင်တယ်လို့ ဗုံးကြဲခံရတဲ့ တူရွင်းဘို့ရွာနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သုံးယောက်က နေရာတင် သေပြီးတော့ နောက်တစ်ယောက်က မနေ့က သေဆုံးတာ။ ဒဏ်ရာရတဲ့သူ ရှစ်ဦးထဲမှာ ခြေထောက်နဲ့ လက်တွေ ပြတ်တာက လေးယောက်။ ဗိုက်တွေ၊ ခေါင်းတွေ၊ နံဘေးတွေ ဒဏ်ရာရတာက လေးယောက်။ အဲဒါ တစ်လုံးတည်းကွဲလို့၊ သုံးလုံးစလုံးသာ ကွဲလို့ကတော့ မလွယ်ဘူး။ ပေါင် သုံးရာနှစ်လုံးနဲ့ ပေါင် နှစ်ရာတစ်လုံး။ ပေါင် သုံးရာတစ်လုံးပဲ ကွဲတာ။ တိုက်ပွဲကိုမရှိဘူး။ မရှိဘဲနဲ့ကို ကျေးရွာတွေကိုလေ ရည်ရွယ်ချက်ရှိရှိနဲ့ ကြောက်လန့်အောင်လုပ်နေတာနဲ့ တူပါတယ်"
သေဆုံးသူတွေက အသက် ၄၀ အရွယ် ဦးငွေသောင်း၊ အသက် ၆၃ နှစ်အရွယ် ဒေါ်သန်းနွယ်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ကြမ်းစိန်နဲ့ အသက် ၂၄ နှစ်အရွယ် မသန်းနွဲ့တို့ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး တူရွင်းဘို့ရွာခံတွေဟာ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တူရွင်းဘို့ရွာဟာ အိမ်ခြေ ၂၅၀ ခန့်ရှိပြီး မြင်းခြံမြို့ရဲ့ အရှေ့မြောက်ဘက် ခြောက်မိုင်ကျော်မှာ တည်ရှိပါတယ်။
ဒီရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ ညအချိန် လေယာဉ်တွေက ရွာတွေအပေါ် ဝဲပျံနေတာတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။