ဖိနှိပ်မှုတွေ များပြားတဲ့အတွက် တရုတ်စက်ရုံလုပ်သားတွေ ရန်ကုန်မှာ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် (၂) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် (Global Electric) ဂလိုဘယ် အီလက်ထရစ် စက်ရုံက အလုပ်သမား ၈ဝ ကျော်ဟာ စက်ရုံဖက်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေရပ်စဲဖို့ ဒီကနေ့ အလုပ်မဆင်းကြပဲ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

2013.02.01
worker-protest-yangon305 ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Global Electric စက်ရုံက အလုပ်သမားတွေဟာ စက်ရုံရဲ့ဖိနှိပ်ဆက်ဆံမှုတွေကိုလျော့ချပေးဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဆန္ဒပြနေကြစဉ်
Photo: RFA/Nay Thwe

စက်ရုံရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ဖိနှိပ်မှုတွေ များပြားလာတဲ့အတွက် အခုလို စက်ရုံရှေ့မှာထိုင်ပြီး ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ မမြမြဝေ က RFA ကို အခုလို ပြောပါတယ်။

“ဘာကြောင့် ဆန္ဒပြရတာလဲဆိုတော့ သူတို့တွေက သမီးတို့ဝင်တုန်းကတော့ Pressure တွေ သိပ်မပေးဘူးပေါ့နော်၊ အခုတော့ ခြေထောက်ချိတ်မထိုင်ရဘူး၊ စကားလည်းမပြောရဘူး၊ သူတို့တွေက သမီးတို့မလုပ်နိုင်တဲ့ဟာတွေကို အဆမတန်တောင်းပြီးတော့ သူတို့လိုချင်တာတွေမရရင် သမီးတို့တွေ လက်မှတ်ထိုးရတယ်၊ လက်မှတ်ထိုးတာ ၃ ကြိမ်ပြည့်ပြီဆိုရင် အလုပ်ကနေထွက်ရတယ်၊ အဲဒီစာချုပ်ကလည်း သမီးတို့ပထမ  အလုပ်စဝင်ဝင်ခြင်းစာချုပ်မှာ အဲဒါတွေမပါဘူး၊ အခုအဲဒါတွေပါပြီးတော့ သူတို့တွေက အမျိုးမျိုးဖိနှိပ်ပြီး ဖိအားတွေပေးတဲ့အတွက် အဲဒါတွေကို လျော့ပေးဖို့ဆန္ဒပြတာပါ”

သူတို့ရဲ့တောင်းဆိုမှုတွေထဲမှာ လက်ရှိအုပ်ချုပ်နေတဲ့ မန်နေဂျာနေရာမှာ မြန်မာလူမျိုး အစားထိုး ခန့်အပ်ပေးဖို့်၊ တင်းကျပ်တဲ့ စည်းကမ်းတွေ ဖြေလျော့ပေးဖို့၊ ဖိနှိပ်ဆက်ဆံတာတွေ လျော့ချပေးဖို့ စတဲ့ အချက်တွေကို အဓိကတောင်းဆိုခဲ့ကြပါတယ်။

အဲဒီ Global Electric စက်ရုံဟာ တီဗွီ၊ ရေခဲသေတ္တာတွေမှာ ထည့်သွင်းအသုံး ပြုတဲ့ လျှပ်စစ်ကွိုင်ပစ္စည်းတွေနဲ့ အခြားအပိုပစ္စည်းတွေကို ထုတ်လုပ်တာဖြစ်ပြီး စက်ရုံမှာ အလုပ်သမားဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။