မြေယာပြဿနာ တောင်သူတွေဘက်က လွှတ်တော်ဥက္ကဌ ရပ်တည်


2017.08.23
winmyint-622.jpg ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို တွေ့ရစဉ်
Photo: Pyithu Hluttaw/ Facebook

နိုင်ငံတစ်ဝှမ်းက သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ ဥပဒေအတိုင်း ဖြေရှင်းကြဖို့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူ နှစ်ဦးရဲ့ ဖြေဆိုချက်တွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မြေယာသိမ်းဆည်းခံရမှုတွေကို မေတ္တာတရားထားပြီး ပြန်လည် သုံးသပ်ပေးကြဖို့ သတိပေးပြောကြားလိုက်ပါတယ်။

တောင်သူတွေက အသိမ်းလည်းခံရတယ် စားစရာလည်း မရှိတဲ့အခြေအနေမှာ ဒါကို တရားရုံးမှာ ရင်ဆိုင်ရမယ် ဆိုတော့ တရားရုံးသွားဖို့ စရိတ်တောင်ရှိမှာ မဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင်က ဒီနေ့ လွှတ်တော် မှာ  ပြောကြားခဲ့ပါတယ်။

"ခုန ဖြေသွားတာကြားရတာ အတော်စိတ်မချမ်းသာဘူး။ စဉ်းစားကြည့် အသိမ်းလည်းခံရတယ် စားစရာလည်း မရှိဘူး သိမ်းတဲ့သူနဲ့ တရားရုံးမှာရင်ဆိုင်ပြီး ဖြေရှင်းရမယ်ဆိုတော့ ကိုယ်ကရောင်းခဲ့လို့ ပေးခဲ့လို့ စွန့်လွှတ်ခဲ့လို့ အမွေမှုဖြစ်လို့ဆိုရင်တော့ ဟုတ်တာပေါ့၊ သိမ်းခံရတာကို ဖက်ပြိုင်ပြီး ရင်ဆိုင်ရမယ်ဆိုရင် တရားရုံးသွားဖို့ စရိတ်တောင် ရှိမှာမဟုတ်ဘူး။ တည့်တည့်ပြောရရင် တရားရုံးမှာ ပေးဖို့ကျွေးဖို့တောင် ရှိမှာမဟုတ်ဘူး။ အဲ့တော့ တရားစီရင်ရေးကလည်း ဥပဒေအင်္ဂါရပ်နဲ့ဝင် မဝင်ကြည့် မဝင်ရင်လက်မခံနဲ့ ဝင်ရင်လက်ခံပေါ့။ ဒီလိုမှမဟုတ်ဘဲ တရားရုံးရောက်မှဆိုတာ ဒါကတော့ ကိုယ်ချင်းစာတရား ကင်းကွာလွန်းအားကြီးတယ်။ ကျနော်တို့နိုင်ငံမှာ မေတ္တာတရား ခေါင်းပါးလွန်းအားကြီးတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေ တိတိကျကျမှန်မှန်ကန်ကန်လုပ်ပေး ပါ၊ ကျနော်ပွင့်ပွင့်လင်းလင်းပဲ ထပ်ပြောမယ် လုပ်ပေးပါ ဒီကိစ္စကို"

ဒါ့အပြင် သိမ်းတဲ့လူတွေက ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေဖြစ်ပြီး အဲဒီလူတွေနဲ့ တရားရုံးမှာ ရင်ဆိုင်ပါလို့ ပြောကြား တဲ့အပေါ် မိမိတို့အဖြေကို ပြန်လည်စဉ်းစားပါလို့လည်း ဦးဝင်းမြင့်က သတိပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးကော်မတီက စီစစ်နေစဉ်အတွင်း လယ်သမားတွေကို တရားစွဲဆိုနေတာတွေကို မလုပ်ဖို့နဲ့ တရားစွဲဆိုမှုတွေကို ဆိုင်းငံ့ပေးဖို့ အစီအစဉ်ရှိ မရှိ လွှတ်တော်မှာ ဒီနေ့ မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က တရားရုံးမှာ တရားစွဲဆို ထားတဲ့ အမှုတွေကို ဥပဒေနဲ့အညီ လက်ခံစစ်ဆေးပေးတာဖြစ်ပြီး တရားစွဲဆိုတာတွေကို ဆိုင်းငံ့ပေးရမယ် ဆိုတာကိုလည်း တရားဥပဒေနဲ့အညီသာ ဆိုင်းငံ့မိန့်ထုတ်ပေးနိုင်မှာဖြစ်တဲ့အတွက် တရားစွဲဆိုတာတွေမလုပ်ဖို့နဲ့ ဆိုင်းငံ့ပေးဖို့ အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက သိမ်းဆည်းခံမြေတွေဟာ လက်ရှိအချိန်ထိ ဌာန အဖွဲ့အစည်းပိုင်မြေဖြစ်နေသေးတဲ့အတွက် ကျူးကျော်ဝင်ရောက် လုပ်ကိုင်သူတွေကိုသာ တရားစွဲဆိုတာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံလယ်ယာမြေနဲ့ ပတ်သက်ပြီး ဥပဒေနည်းဥပဒေတွေအတိုင်း တရားရုံးမှာ ဥပဒေအရ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တေ်ာရပ်နားထားစဉ် ကာလ အတွင်း ကိုယ့်ပြည်နယ်၊ တိုင်းတွေမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး ဥပဒေနဲ့အညီ သက်ဆိုင်ရာကော်မတီတွေထံ တင်ပြပေးကြဖို့ တိုက်တွန်းပြောကြား ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။