သိမ်းဆည်းမြေယာတွေကိစ္စ အတိုင်ပင်ခံ လမ်းညွှန်ချက် ထုတ်ပြန်


2018.06.19
rakhine-grabbed-land-622.jpg ရခိုင်ပြည်နယ်က စစ်တွေမြို့က သိမ်းဆည်းထားတဲ့ မြေယာတွေမှာ ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ချက် ၄ ချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလမ်းညွှန်ချက်တွေထဲမှာ မြေယာသိမ်းဆည်းထားတဲ့ ဌာနဆိုင်ရာတွေက အနာဂတ်မှာ သုံးဖို့ရည်ရွယ်ချက်နဲ့ ယူထားပိုင်ခွင့် မရှိကြောင်း ပါဝင်တယ်လို့ မကွေးတိုင်း အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး က အတည်ပြု ပြောပါတယ်။

အရင်က ဌာနဆိုင်ရာတွေက မြေယာတွေကို အနာဂတ်မှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ဆိုပြီး ပြန်လည်မစွန့်လွှတ်ဘဲ သိမ်းဆည်းထားမျိုးတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်တွေထဲမှာ သိမ်းဆည်းမြေယာတွေကို မူလက သဘောတူ ထားတဲ့အတိုင်း အသုံးပြုရမှာဖြစ်သလို သတ်မှတ်အချိန်အတွင်း အသုံးပြုထားမှသာ ဆက်ယူထားခွင့်ရှိတယ် ဆိုပြီးလည်း ပါရှိပါတယ်။

အဲဒီလမ်းညွှန်မှုတွေကို ကြိုဆိုကြောင်းနဲ့ သက်ဆိုင်ရာ အောင်ခြေဌာနဆိုင်ရာတွေက အဲဒီလမ်းညွှန်ချက်တွေ အတိုင်း လိုက်နာရင် နောက်ပိုင်းမှာ သိမ်းဆည်းခံမြေယာတွေဟာ မူလတောင်သူတွေထံ အမြန်ပြန်လည်ရောက်ရှိလာ နိုင်တယ်လို့လည်း မကွေးတိုင်း လယ်ယာမြေနဲ့ အခြားမြေများသိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင် ကိုအောင်ကျော်ကျော် က ပြောပါတယ်။

အဲဒီလမ်းညွှန်ချက်တွေကို လယ်ယာမြေနဲ့ အခြားမြေများသိမ်ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကနေ တိုင်းနဲ့ပြည်နယ်တွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေထံ ပေးပို့ထားတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။