မြေယာပြုပြင်ပြောင်းလဲရေး ဆွေးနွေး
2018.05.08

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွေမှာ အုပ်ချုပ်ရေးဦးစီး ဌာနတွေနဲ့ မြေစာရင်းက တာဝန်ရှိသူတွေကို ထည့်သွင်းတာဝန်ပေးတာဟာ မြေယာပြဿနာတွေကို ဖြေရှင်းဖို့ ခက်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့က အမှုဆောင်ဒါရိုက် တာ ဒေါက်တာသောင်းထွန်းက ဒီနေ့ ပြောပါတယ်။
ကိုယ်ကျိုးစီးပွားတွေ ပါဝင်ခဲ့တဲ့အတွက် မြေယာစိစစ်ရေးအတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာ အခက်အခဲဖြစ်စေ တာလို့ ဒေါက်တာသောင်းထွန်း က ပြောပါတယ်။
"ဆုံးဖြတ်ချက်ပေးတဲ့အခါမှာ သူတို့ကဝင်ပါတဲ့အခါကျတော့ ဟိုဥပဒေဆွဲထုတ်၊ ဒီဥပဒေဆွဲထုတ်နဲ့ ဒီအကျိုးစီးပွား အခြေခံတွေအပေါ်မှာ တဝဲလည်လည်ကိစ္စတွေကို မဖြေရှင်းအောင်ဖြစ်စေ၊ သို့မဟုတ် တရားမျှတမှု မဖြစ်တာ တွေ ဖြစ်စေ၊ ဘာဖြစ်လို့လဲဆိုတော့ ရာဇဝင်ကြည့်လိုက်ရင် နယ်စားပယ်စားတွေ လိုပဲ မြေယာကိစ္စတွေမှာ အဂတိလိုက်စားမှုမတွေနဲ့ အကျိုးစီးပွားပေါ်မှာ ပိုက်ဆံရှိတဲ့လူတွေ၊ ခရိုနီတွေ အပေါ်မှာ မျက်နှာသာပေးခဲ့တာတွေ အများကြီးဖြစ်ခဲ့တာပေါ့နော်။ ဒီလိုမျိုးလုပ်ပိုင်ခွင့်ရှိတဲ့သူတွေက တစ်ခါထပ်ပြီးတော့ ဒီဆုံးဖြတ်ပိုင်ခွင့်တွေမှာ ထပ်ပါနေမယ်ဆိုရင် ဒါတွေကလည်း ပြဿနာတွေကိုရှင်းဖို့ ခက်စေတဲ့အကြောင်းရင်းထဲမှာ ပါတာပေါ့"
ရန်ကုန်မြို့ Orchid Hotel မှာ မြေယာပြုပြင်ပြောင်းလဲရေးအတွက် အင်ဒိုနီးရှားအတွေ့အကြုံများ လေ့ လာခြင်း ဆွေးနွေးပွဲ ဒီနေ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြေယာသိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး တကယ်ဆုံးဖြတ်ချက်ချရမယ့်နေရာတွေမှာ ပါဝင်ရတဲ့ ဝန်ကြီးဌာနတွေ များနေတဲ့အတွက် အချိန်နှောင့်နှေးတာတွေဖြစ်နေတယ်လို့ ဒေါက်တာသောင်းထွန်း က ပြောပါတယ်။
သမ္မတဦးဝင်းမြင့် လက်ထက်မှာတော့ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ မျှော်လင့်နေတယ် လို့လည်း ပြောပါတယ်။