မှန်မှန်ကန်ကန် သတင်းရေးသား ကြဖို့ သတင်းသမားတွေကို ဦးဝင်းထိန် ပြော
2017.07.02

သတင်းမီဒီယာသမားတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD ပါတီတာဝန်ရှိသူတွေ ပြောဆိုဖြေကြား မှုတွေကို မှန်မှန်ကန်ကန် ရေးသားကြဖို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ်အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး ပါတီတာဝန်ရှိသူတွေနဲ့ ဒီနေ့ မန္တလေးမြို့MICT Park တေ့ွဆုံစဉ် ပြောကြား ခဲ့တာဖြစ်ပါတယ်။
"ကျနော်ပြောတဲ့စကားတွေကို ကိုယ်လိုချင်တာရေးပြီးတော့မှ အဓိကရှင်းတာကို မဖော်ဘဲနဲ့ ပူညံပူညံဖြစ် လိုက်မျိုးလို ရေးနေတာတွေရှိတယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်က တချို့ဆိုရင် တရားစွဲလို့တောင် ရတယ်၊ မီဒီယာဆိုတာကိုတော့ ကျနော်တို့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလို့ သဘောထားလို့ရတယ်၊ သွားလေ သူကြီးပြောတဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့တော့ မဆိုင်ဘူး၊ ဘာလဲဆိုရင် ကျနော်တို့ပြောတဲ့ဟာတွေကို တစ်ယောက်ယောက်ကို ပြန်ပြောမှ ဒီလူကသိမယ်"
ဒါ့အပြင် ပြည်သူ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်ဘဲ ကပ်ဖျက် ရပ်ဖျက် လုပ်နေကြတဲ့ အစိုးရ ဝန်ထမ်းတွေကို မကြာခင်မှာ စံနမူနာအနေနဲ့ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့လည်း ဦးဝင်းထိန် က ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃ ဦးနဲ့ ပတ်သက် ပြီး ဆွေးနွေးပွဲအပြီးမှာ သတင်းသမားတွေက မေးမြန်းရာ ဦးဝင်းထိန် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးကော်မရှင်ကသာ တရားဝင်ဆက်သွယ်ခွင့်ရှိကြောင်း ပြောပါတယ်။
ဦးဝင်းထိန်ဟာ ပါတီဝင်တွေ၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွေကို ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ကျင်းပနေတာဖြစ်ပါတယ်။
အစိုးရ၊ လွှတ်တော်နဲ့ ပါတီကြားဆက်ဆံရေးအခြေအနေတွေကို လေ့လာတာဖြစ်ပြီး မန္တလေးတိုင်းဟာ ပူးပေါင်းဆက်ဆံရေးကောင်းမွန်ကြောင်းနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရ၊ ပါတီဝင်တွေနဲ့ ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပါတီဗဟိုကို တိုင်တန်းမှု အနည်းဆုံးဖြစ်တယ်လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းအတွင်း သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။