ဦးဝင်းထိန်ကို စစ်ကောင်စီက အာဃာတနဲ့ ထောင်ချတာလို့ မိသားစုဝင်ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021.10.29

အာဏာသိမ်း စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD ပါတီ ခေါင်းဆောင် ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) နဲ့ နေပြည်တော် သီးသန့်တရားရုံးက အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ဟာ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံးမေးမြန်းမှုတစ်ခု ပြုလုပ်ချိန် ဦးဝင်းထိန်က အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုခဲ့တာကြောင့် ဖေဖော်ဝါရီလ ၄ ရက် နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နေပြည်တော် ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ရုံးတင် စစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ နေပြည်တော် အကျဉ်းထောင်ထဲက သီးသန့်တရားရုံးကနေ ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ (က) နဲ့ စွဲဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့က လက်ခံကြောင်း အမိန့်ချပြီးတဲ့နောက်၊ အောက်တိုဘာလ ၂၉ရက်မှာ ခုလို အမိန့်ချလိုက်တာပါ။

ဦးဝင်းထိန်ရဲ့ ညီဖြစ်သူ ဦးကျော်လင်းကတော့ ဦးဝင်းထိန်ဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုတစ်ရပ်လုံးကို သိအောင်ပေးဖို့ မှာကြားထားခဲ့တဲ့ သတင်းစကားတွေ ပြည်သူတွေသိအောင် ထုတ်ပြန်လိုက်တဲ့အတွက် အာဏာသိမ်း စစ်တပ်က အငြှိုးထားပြီး အခုလို နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာလို့ RFA ကို ပြောပါတယ်။

NLD ပါတီ အမတ်တစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်ကလည်း ဦးဝင်းထိန်ကို စစ်ကောင်စီကနေ လက်စားချေတဲ့ အနေနဲ့ အပြစ်မရှိဘဲ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာလို့ ပြောပါတယ်။

ဦးဝင်းထိန်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေအပေါ် ရေးသားချက်အရ ဥပဒေအရတည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် ပြုခဲ့တာဖြစ်တဲ့အတွက် စွဲချက်တင်တယ်ဆိုပြီး တရားရုံးက စွဲချက်တင်ခဲ့တာလို့ ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အရေးအဖွဲ့ HRW က အာရှရေးရာ ဒါရိုက်တာ Phil Robertson ကတော့ ဦးဝင်းထိန်ရဲ့အမှုကို စစ်ဆေးတဲ့ လွတ်လပ်တဲ့ တရားရုံးမှာ စစ်ဆေးတာ မဟုတ်တဲ့အတွက် တရားမျှတမှု မရှိကြောင်း ပြောပါတယ်။

“ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်တာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ စီရင်ချက်ဖြစ် ပါတယ်။ သူ့အတွက်တော့ သေဒဏ်ကျသလိုပါပဲ။ ဦးဝင်ထိန်က တော်တော် အသက်ကြီးနေပါပြီ။ ခုတော့ သူတစ်သက်လုံး ထောင်ထဲမှာ နေသွားရတော့မှာပါ။ သူ့အနေနဲ့ ထောင်ဒဏ်ကျရလောက်တဲ့ ဘာအပြစ်မှ မကျူးလွန်ခဲ့ပါဘူး။ ဒါကြောင့်သူ့ကို ချက်ချင်းချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ပါတယ်။ နောက်ပြီး သူ့ကို စီရင်စစ်ဆေးခဲ့တဲ့ တရားရုံးမှာလည်း အားနည်းချက်တွေ အများကြီးရှိပါတယ်။ သူ့ကို စစ်ဆေးခဲ့တာ လွတ်လပ်တဲ့ တရားရုံး မဟုတ်ပါဘူး။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးတဲ့ အမှုကို အာဏာသိမ်း စစ်တပ်က စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ တရားသူကြီးတွေကနေ အမိန့်ချမှတ်လိုက်တာပါ။ တကယ့်ကို ဟာသတစ်ခုလိုပါပဲ။ လုံးဝတရားမျှတမှု မရှိတဲ့ စီရင်ချက်ဖြစ်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ နေပြည်တော် အထူးတရားရုံးဟာ ဦးဝင်းထိန်ရဲ့အမှုကို ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ မရှိဘဲ စီရင်ချက် ချလိုက်ရုံတင်မကဘဲ ခုခံကာကွယ်ပိုင်ခွင့်၊ ခုခံချေပဖို့ သက်သေတင်သွင်းခွင့်နဲ့ အယူခံခွင့် အခွင့်အရေး တွေကိုပါ ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ ဟာ အစိုးရကို မလိုမုန်းထားအောင်နဲ့ မလေးစား အောင် လှုံ့ဆော်မှုကို အပြစ်ပေးအရေးယူဖို့ ဗြိတိသျှကိုလိုနီ ခေတ်က ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းစစ်ကောင်စီက ဒီပုဒ်မကို တပ်မတော်နဲ့ တပ်မတော်သား တာဝန်ရှိသူ တွေကို ဝေဖန်အပြစ်တင်မှုတွေအတွက်ပါ အကျုံးဝင်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။

NLD ပါတီ ခေါင်းဆောင် ဦးဝင်းထိန်ဟာ အရင်စစ်အစိုးရလက်ထက်ကလည်း ထောင်နှစ်ခါကျခဲ့ဖူးပြီး ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရသူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။