ဦးဝင်းထိန် နိုင်ငံတော်အကြည်ညိုပျက်အောင် ပြုလုပ်မှုနဲ့ စွဲချက်တင်ခံရ

2021.07.16
ဦးဝင်းထိန် နိုင်ငံတော်အကြည်ညိုပျက်အောင် ပြုလုပ်မှုနဲ့ စွဲချက်တင်ခံရ NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် ကို ၂၀၁၇ က တွေ့ရစဥ်
Photo: RFA

စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၁၆ ရက်မှာရုံးထုတ်ပြီး နိုင်ငံတော်အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(က)နဲ့ စွဲချက်တင်တဲ့အမိန့်ချလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ဦးဝင်းထိန်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ ပြောပြချက်တွေက ဥပဒေအရတည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် ပြုခဲ့တာဖြစ်တဲ့ အတွက် စွဲချက်တင်တယ်ဆိုပြီး တရားရုံက စွဲချက်အမိန်ချခဲ့တာလို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။

“စွဲချက်တင်ပြီးတော့ ဘဘကို အပြစ်ရှိလား၊ မရှိလား မေးတော့ ဘဘက အပြစ်မရှိဘူးလို့ ဖြေတယ်။ ဘာကြောင့်အပြစ်မရှိလဲဆိုပြီး ထုချေစေတယ်”

ဦးဝန်းထိန်က နိုင်ငံတော် အာဏာကိုယူထားတဲ့ ပါတီကြီးတစ်ခုရဲ့ သဘာပတိအနေနဲ့ ရုတ်တရက် ပေါ်ပေါက် လာတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ သူ့မှာတာဝန်ရှိတယ်လို့ယူဆလို့ ပြောသင့်ပြောထိုက်တဲ့စကားတွေကို ပြောခဲ့တာဖြစ်ပြီး၊ မိမိတို့ပါတီရဲ့ သဘောထားကို ပါတီဝင်တွေနဲ့ မဲဆန္ဒရှင်တွေကို သိစေဖို့ ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်လို့ အပြစ်မရှိတဲ့အကြောင်း တရားရုံးမှာ ငြင်းချက်ထုတ်ခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ရုံးချိန်းမစတင်ခင်မှာ ဦးဝင်းထိန်နဲ့ ရှေ့နေတို့ တွေ့ဆုံခဲ့ရပြီး ဦးဝင်းထိန်ရဲ့ ကျန်းမာရေးလည်း ကောင်းမွန်နေ တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံးမေးမြန်းမှုတစ်ခုပြုလုပ်ခဲ့ပြီး ဦးဝင်းထိန်က အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုခဲ့တာပါ။

ဒီအတွက် ဦးဝင်းထိန်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နေပြည်တော် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဝင်းထိန် စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(က) ဟာ အစိုးရကို မုန်းထားအောင်၊ မလေးစား အောင် လှုံ့ဆော်ရင် အရေးယူနိုင်တဲ့ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်အနှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။

ဦးဝင်းထိန်ဟာ အရင်စစ်အစိုးရလက်ထက်ကလည်း ထောင်နှစ်ခါကျခဲ့ဖူးပြီး ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရသူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။