ဦးဝင်းထိန် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ

2021.10.29
ဦးဝင်းထိန် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းထိန်ကို ၂၀၁၇ ခုနှစ်က တွေ့ရစဥ်
Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) နဲ့ နေပြည်တော် သီးသန့်တရားရုံးက အောက်တိုဘာလ ၂၉ ရက် ဒီနေ့မှာ အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
 
ဦးဝင်းထိန် စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) ဟာ အစိုးရကို မုန်းထားအောင်၊ မလေးစား အောင်လှုံ့ဆော်ရင် အရေးယူနိုင်တဲ့ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်အနှစ် ၂၀ ကို ချမှတ်လိုက်တာ လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံးမေးမြန်းမှုတစ်ခုပြုလုပ်ချိန် ဦးဝင်းထိန်က အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုခဲ့တာကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နေပြည်တော် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
 
ဦးဝင်းထိန်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ ပြောပြချက်တွေက ဥပဒေအရတည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် ပြုခဲ့တာဖြစ်တဲ့ အတွက် စွဲချက်တင်တယ်ဆိုပြီး တရားရုံးက ဇူလိုင်လ ၁၆ ရက်နေ့မှာ စွဲချက်တင်အမိန်ချခဲ့ကာ ဆက်လက် စစ်ဆေးနေတာပါ။
 
ဦးဝင်းထိန်ဟာ အရင်စစ်အစိုးရလက်ထက်ကလည်း ထောင်နှစ်ခါကျခဲ့ဖူးပြီး ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။