နိုင်ငံတော် အကြည်ညိုပျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ထောင်ဒဏ်နှစ် ၂၀ ချ မှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကို မန္တလေး အိုးဘိုထောင်ကို နိုဝင်ဘာ ၉ ရက် မနေ့ကပဲ ပို့ဆောင်ခံလိုက်ရတယ်လို့ သူ့ရဲ့ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြောပါတယ်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ နိုဝင်ဘာလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း သူကိုယ်တိုင် အထူးတရားရုံးမှာ သက်သေထွက်ဆိုပြီး နောက်တစ်ရက်မှာပဲ အိုးဘိုထောင်ကို ပြောင်းရွှေ့ခံလိုက်ရတာပါ။
ကျန်းမာရေးအခြေအနေကြောင့် ညဘက်မှာ အောက်ဆီဂျင်တပ်ပြီး အိပ်စက်ရသူဖြစ်သလို အသွားအလာ ကိုလည်း ဘီးတပ်ကုလားထိုင် (ဝှီးချဲ) အသုံးပြုပြီး အခြားသူရဲ့ အကူအညီနဲ့ သွားလာရသူဖြစ်တယ်လို့ ဦးမြင့်သွင် က ပြောပါတယ်။
“ဒါပေမဲ့ သူက တရားခွင်မှာတော့ ပျော်ပျော်ပါးပါးပဲ။ သူခံစားရတာတွေ နစ်နာတာတွေ ဘာမှ သူက ထုတ်ဖော်လေ့မရှိဘူး။ သူကတော့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ရပ်တည်ပြီးတော့ပဲ ရင်ဆိုင်တဲ့ပုံစံပဲ။ သူခံစားပြီးတော့ အသက်ကြီးတာတောင်မှ သိပ်ပြီး နစ်နာတာ၊ ဆုံးရှုံးတာ၊ ခံစားရတာတွေ ပြောလေ့မရှိဘူး”
ဦးဝင်းထိန်ကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး အဲဒီအချုပ်ထောင်ဝန်းထဲမှာတင် အပတ်စဉ် ရုံးချိန်းတွေ စစ်ဆေးခဲ့ရာကနေ အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ သူ့ကိုစွဲထားတဲ့ ပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဦးဝင်းထိန်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းမှုကို ဝေဖန်ခဲ့တဲ့အတွက် စစ်ကောင်စီက သူကို့ဖမ်းဆီးပြီး အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
တပ်မတော် အရာရှိဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ဦးဝင်းထိန်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေရာကနေ ၁၉၈၈ ခုနှစ်မှာ NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပူးပေါင်းခဲ့ပြီး နဝတ စစ်အစိုးရက ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပါတယ်။
အဲဒီနောက် ၁၉၉၆ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်မံအဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိထ္ထီလာထောင်၊ မန္တလေးထောင်နဲ့ ကသာထောင်တွေမှာ ၂၀၁၀ ပြည့်နှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရတာ ကြောင့် သူဟာ ထောင်ထဲမှာ စုစုပေါင်း နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရပြီးသူလည်း ဖြစ်ပါတယ်။