စစ်ကောင်စီတပ်ကြောင့် မင်းကင်းဒေသခံ ၅၀၀၀ ကျော် ညတွင်းချင်းထွက်ပြေးရ

2021.10.27
စစ်ကောင်စီတပ်ကြောင့် မင်းကင်းဒေသခံ ၅၀၀၀ ကျော် ညတွင်းချင်းထွက်ပြေးရ မင်းကင်းမြို့နယ်က ရွာအချို့ကို ၂၀၂၁ အောက်တိုဘာလ ၂၆ ရက်နေ့ညက စစ်ကောင်စီတပ်တွေ ဝင်လာတာကြောင့် ရွာသားတွေ ထွက်ပြေးရစဥ်
Photo: CJ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ရွာအချို့ကို အောက်တိုဘာလ ၂၆ ရက် မနေ့ကစပြီး စစ်ကောင်စီ တပ်သားတွေ အင်အားအများအပြားနဲ့ ၀င်ရောက်လာတာကြောင့် ရွာငါးရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် ညတွင်းချင်း ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မင်းကင်းဒေသမှာ မိုးတွေရွာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းဒေသခံက ပြောပါတယ်။

“မနေ့က ရွာတွေထဲကိုဝင်လာလို့ အကုန်ထွက်ပြေးနေကြရတယ်၊ ပြေးရတဲ့အချိန် မိုးတွေကရွာတော့ အတော်လေး ဒုက္ခရောက်ကြရတယ်၊ ဒီနေ့မနက်လည်း အခြားရွာတွေကို စစ်ကောင်စီတပ်သားတွေ ထပ်ဝင်နေလို့ ထွက်ပြေးနေရတယ်၊ မိုးတွေကရွာနေတော့ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပြန်မခုခံနိုင်ကြ ဘူးလေ၊ တူမီးတွေက မိုးရွာရင်သုံးမရတော့ သူတို့လည်းရှောင်နေရတယ်” လို့ ဒေသခံက ဆိုပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း မိုးရေထဲမှာပစ်လို့ရတဲ့ လက်နက်တွေ လိုအပ်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ကစပြီး မင်းကင်းမြို့နယ်ထဲက အင်တော၊ ညောင်ပင်သာ၊ အုန္နဲဘုတ်၊ ဘင်နဲ့ အနောက်တောရွာ အပါအဝင် ရွာပေါင်း ငါးရွာထက်မနည်း မိုးရေထဲမှာ ထွက်ပြေးနေရပြီး နေထိုင်ရေးနဲ့ စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။