စစ်ကောင်စီနဲ့ပေါင်းနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ JFM တောင်းဆို

RFA Burmese
2023.08.02
စစ်ကောင်စီနဲ့ပေါင်းနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ JFM တောင်းဆို ၂၀၁၄ ခုနှစ်က ပြင်ဦးလွင်မြို့နယ်၊ စစ်နည်းပညာတက္ကသိုလ်တွင် ထူးကုမ္ပဏီနဲ့ GDZR ကုမ္ပဏီတို့က လှူဒါန်းခဲ့သော စစ်တပ်အားကစားကွင်းဖွင့်ပွဲတွင် တွေ့ရသည့် ထူးထရေးဒင်းကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် စစ်တပ်အရာရှိများ။
U Tay Za

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇအပါအဝင် စစ်ကောင်စီကိုကျောထောက်နောက်ခံပေးနေတဲ့ ခရိုနီသူဌေးတွေကို အရေးယူဖို့ Justice For Myanmar (JFM) အဖွဲ့က စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊ Myanmar Chemical & Machinery ( MCM ) ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ထွဋ်အောင်တို့ဟာ စင်ကာပူစီးပွားရေးလုပ်ငန်းကွန်ရက်ကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ JFM အဖွဲ့ရဲ့တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

စစ်လက်နက်တွေ၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဥ်အစိတ်အပိုင်းတွေကို စင်ကာပူကနေတစ်ဆင့် ထောက်ပို့နေတာလို့လည်း ဆိုပါတယ်။

ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်ဟာ စင်ကာပူနိုင်ငံမှာ နေထိုင်နေကြတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။

စင်ကာပူအစိုးရကတော့ သူတို့ဆီကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

JFM အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စီးပွားရေးကုမ္ပဏီ ၁၃၈ ခုက စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတယ်လို့ ဖော်ပြထားပါတယ်။ စင်ကာပူဘက်က ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်တာ မရှိသေးပါဘူး။

မြန်မာစစ်တပ်အတွက် စစ်လက်နက်ထောက်ပံ့ပေးတာဟာ မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်တာပဲလို့ JFM က သတိပေးထားပါတယ်။

Justic For Myanmar ( JFM ) အဖွဲ့ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။