မြန်မာမှာ တရားမျှတမှုရဖို့ ဆက်ကူညီမယ်လို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ကန်အထူးသံအမတ်ပြော
2024.02.02

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေကိုရှာဖွေဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး ဘတ်သ်ဗန်စကာ့ခ် (Beth Van Schaack) က ပြောလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခတွေနဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့တာဝန်ခံမှုရဖို့ ကြိုးပမ်းအားထုတ်မှုတွေအကြောင်း ဒီကနေ့ အွန်လိုင်းသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုဟာ အစကတည်းက မြန်မာပြည်သူတွေကို နှစ်ရှည်လများ ထောက်ပံ့ခဲ့ကြောင်းနဲ့ ရည်ရွယ်ချက်က လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိတဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးဆီ ဦးတည်ဖို့ဖြစ်ပါတယ်လို့ သံအမတ်ကြီး Beth Van Schaack ကပြောပါတယ်။
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုနဲ့ မငြိမ်သက်မှုတွေကို ကြုံတွေ့ခဲ့ရပြီး တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အရပ်သားပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျတိုက်ခိုက်မှုတွေ ကြုံခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာ သိန်းနှင့်ချီ ထွက်ပြေးခဲ့ရသလို လွန်ခဲ့တဲ့သုံးနှစ် အာဏာသိမ်းပြီးကတည်းက စစ်အစိုးရဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရှိန်မြှင့်လာခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကွပ်မျက်ခဲ့တယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး စာသင်ကျောင်းတွေ၊ ဘုရား ဝတ်ပြုရာနေရာတွေကိုလည်း ဖျက်ဆီးခဲ့တယ်။
ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသလို နိုင်ငံရေးအကျဉ်းသားတွေကိုလည်း နှိပ်စက်ညှင်းပန်းတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်အနေနဲ့ ထပ်တလဲလဲ တောင်းဆိုခဲ့ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပံပိုးကူညီမှုတွေတိုးမြှင့်ဖို့ တောင်းဆိုထားတယ်လို့ သံအမတ်ကြီးကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အဓိကဦးစားပေးလုပ်ငန်းစဉ်က အကြမ်းဖက်မှုတွေကိုရပ်တန့်စေပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ထူထောင်ဖို့ဖြစ်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဆက်လက်ရှင်သန်စေနိုင်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အမေရိကန်ဒေါ်လာ ရောင်းဝယ်မှုတွေကို ကန့်သတ်ခြင်းအပါအဝင် စီးပွားရေးနဲ့ နိုင်ငံရေးဖိအားတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်အထိ အမေရိကန်က မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်တဲ့လူပုဂ္ဂိုလ် ၉၁ ဦးနဲ့ အဖွဲ့အစည်း ၅၀ ကို ပိတ်ဆို့အရေးယူထားပြီးဖြစ်တယ်လို့ သံအမတ်ကြီးကပြောပါတယ်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မျက်နှာစာမှာလည်း အမေရိကန်အစိုးရက ဒေါ်လာ လေး ဒသမ နှစ်ဘီလီယံနီးပါး ထောက်ပံ့ကူညီထားတယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ပြီးလည်း အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံတစ်ဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး၊ မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုများ တရားမျှတမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Beth Van Schaack က ပြောကြားပါတယ်။