လောင်းလုံးမှာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်အချို့ မီးရှို့ခံရ

RFA Burmese
2023.12.30
လောင်းလုံးမှာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ်အချို့ မီးရှို့ခံရ မီးရှို့ခံရသည့် လောင်းလုံးမြို့နယ် စစ်ပြဲရွာနှင့် လေးသွန်းခံရွာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
LLPDF

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ပြဲရွာကို ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီ တပ်သားတွေ စီးနင်းပြီး ရွာခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၇ ရက်ကတည်းက လောင်းလုံးမြို့နယ် ကညုံကျွန်းနဲ့ ဝေဒီရွာတွေကို စစ်ကြောင်း ထိုးပြီးနောက် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ပြဲရွာဘက်ကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။

စစ်ပြဲရွာကိုလာချိန် ရွာတံတားထိပ်မှာ မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့အထဲက စစ်ပြဲရွာသားတစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံး ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မိုင်းဆွဲခံရပြီး စစ်ကောင်စီဘက်က တစ်ဦးသေတော့။ သူတို့ဖမ်းထားတဲ့အထဲက စစ်ပြဲရွာသားတစ်ဦးကို ခေါင်းဖြတ်သတ်သွားတာ။ ပြီးတော့ အိမ်ရှစ်လုံး မီးရှို့ခံခဲ့ရတယ်။ အဲဒီနေ့မှာပဲ လေးသွန်းခံကို စစ်ကောင်စီတပ်တွေ ထပ်ဝင်တယ်။ အဲဒီမှာလည်း အိမ်တွေ မီးရှို့ခဲ့သေးတယ်။ အတိအကျတော့ မသိရသေးဘူး”

သတ်ဖြတ်ခံခဲ့ရသူဟာ စစ်ကောင်စီတပ်တွေ ရွာထဲစီးနင်းချိန် ထွက်မပြေးချိန် မရလိုက်ဘဲ ဖမ်းဆီးခံရသူဖြစ်ပြီး တခြားရွာက ဒေသခံအချို့လည်း ဖမ်းဆီးခံထားရတာ ရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်ဒီနေ့မှာလည်း အဲဒီစစ်ကြောင်းဟာ ပိန္နဲတောနဲ့ ထိန်ကြီးရွာကို စီနင်းခဲ့ပြီး ကြက်ခြံတစ်ခြံကို မီးရှို့ခဲ့တယ်လို့ လောင်းလုံး ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်ထဲက ပြင်းထိန်၊ လေးသွန်းခံ၊ စစ်ပြဲ ပါအဝင် ရွာရှစ်ရွာက ဒေသခံတွေဟာ စစ်ကြောင်း ရွာထဲစီးနင်းချိန် ထွက်ပြေးကြပြီး စစ်ကောင်စီတပ် ရွာထဲကနေ ထွက်ခွာချိန်မှ ရွာထဲပြန်ဝင်နေထိုင်ကြတဲ့ ယာယီ စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၂၇၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။