သုံးနှစ်အတွင်း နိုင်ငံတကာအရေးယူမှု နှစ်ရာကျော်ရှိပေမယ့် လုံလောက်မှုမရှိကြောင်း JFM ပြော

RFA Burmese
2024.02.05
သုံးနှစ်အတွင်း နိုင်ငံတကာအရေးယူမှု နှစ်ရာကျော်ရှိပေမယ့် လုံလောက်မှုမရှိကြောင်း JFM ပြော နေပြည်တော်၊ ပျဉ်းမနားမြို့ နှင်းဆီအဝိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီလုပ်ငန်း ၇၅ ခုကို နိုင်ငံတကာက ပိတ်ဆို့အရေးယူခဲ့ပေမယ့် လုံလောက်မှုမရှိဘူးလို့ Justice For Myanmar က ဖေဖော်ဝါရီ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။

စစ်တပ်ကထိန်းချုပ်ထားတဲ့ အဓိကလုပ်ငန်းတွေ၊ လုပ်ငန်းကို ဦးဆောင်သူတွေနဲ့ အသင်းအဖွဲ့တွေကို ပိတ်ဆို့အရေးယူဖို့ ကျန်ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကိုတော့ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေက ဆောင်ရွက်ခဲ့တာပါ။

ဒါပေမဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ပူးပေါင်းဆောင်ရွက်မှု နည်းပါးနေပြီး လုံလောက်မှုမရှိသေးဘူးလို့ Justice For Myanmar က ထောက်ပြထားပါတယ်။

လက်နက်ကုန်သွယ်ခွင့် တားမြစ်မှုနဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် နိုင်ငံတကာက အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့လည်း Justice For Myanmar က တိုက်တွန်းထားပါတယ်။

အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကတော့ စစ်ကောင်စီအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ခဲ့တာ မရှိခဲ့ဘဲ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေ ပျက်ကွက်နေတယ်လို့လည်း ဆိုထားပါတယ်။

Justice For Myanmar (JFM) အဖွဲ့ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။