မြန်မာစစ်ခေါင်းဆောင်ကို BIMSTEC ညီလာခံ မဖိတ်ရေး တောင်းဆို

2022.01.24
မြန်မာစစ်ခေါင်းဆောင်ကို BIMSTEC ညီလာခံ မဖိတ်ရေး တောင်းဆို ၂ဝ၁၂ ခုနှစ်က နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်။
Photo: Reuters

လာမယ့် မတ်လ ၃၀ရက်နေ့ကျရင် သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ၅ ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ ညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်လာမယ့် အလားအလာရှိနေတာနဲ့ ပတ်သက်ပြီး Justice for Myanmar အဖွဲ့က ဝေဖန်လိုက်ပါတယ်။

BIMSTEC အဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပြီး အခုလာမယ့် ထိပ်သီး အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ခွင့် ပြုလိုက်မယ်ဆိုရင် စစ်ကောင်စီ ခန့်အပ်တဲ့ သံတမန်အသစ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တဲ့ အာဆီယံအဖွဲ့တွေနဲ့ ဆန့်ကျင်ပြီး လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှူမှု ဖြစ်လာမယ်လို့ Justice For Myanmar ရဲ့ Facebook စာမျက်နှာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

လာမယ့် BIMSTEC အဖွဲ့ဟာ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာဘက်က အတည်ပြုထားပြီးပြီလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာအချို့က ဖော်ပြခဲ့ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်အတည်ပြုတာ မရှိသေးပါဘူး။

အခုလာမယ့် ထိပ်သီးညီလာခံမှာ BIMSTEC အဖွဲ့ရဲ့ပဋိညာဉ်ကို အတည်ပြုမှာဖြစ်ပြီး နည်းပညာ လွှဲပြောင်းမှု၊ ဥပဒေရေးရာနဲ့ သံတမန်ရေး သဘောတူညီချက်တွေကိုလည်း ပြုလုပ်မှာဖြစ်လို့ အရေးပါတဲ့ ညီလာခံတစ်ခု ဖြစ်လာပါလိမ့်မယ်။

BIMSTEC အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက BIMSTEC နေ့အတွက် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ သတင်းစကားတွေကို ထုတ်ပြန်ခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လို့ ရည်ညွှန်းဖော်ပြခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အိန္ဒိယနိုင်ငံက လက်ခံကျင်းပတဲ့ BIMSTEC နိုင်ငံတွေရဲ့ စစ်ရေး လေ့ကျင့်မှုတွေမှာ စစ်ကောင်စီတပ်တွေ ပါဝင်ခဲ့ကြောင်း၊ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ BIMSTEC အစည်းအဝေးပေါင်းများစွာကို နိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့တာ တွေ့ရကြောင်းလည်း Justice For Myanmar က ထောက်ပြထားပါတယ်။

BIMSTEC အဖွဲ့ရဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ရဲဆေးတင်ပေးရာ ရောက်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီကို တရားဝင်ဖြစ်မှု ပေးအပ်နေတာတွေ ရပ်တန်းက ရပ်ဖို့ Justice for Myanmar က တောင်းဆိုထားပါတယ်။

BIMSTEC အဖွဲ့မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ရဲ့ အုပ်ချုပ်ရေးရုံးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ တည်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။