ပြင်သစ်ဘဏ်တွေကို အရေးယူဖို့ လူ့အခွင့်ရေးအဖွဲ့တွေ တောင်းဆို
2023.07.07
ပြင်သစ်နိုင်ငံက ဘဏ် ၅ ခုနဲ့ ပင်စင်ရန်ပုံငွေအဖွဲ့အစည်းတစ်ခုတို့က မြန်မာစစ်ကောင်စီလက်အောက်မှာရှိတဲ့ လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်တန်ဖိုး ရင်းနှီးမြှုပ်နှံထားတာကို ပြင်သစ်အစိုးရက ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ Justice for Myanmar နဲ့ မိတ်ဖက်အဖွဲ့နှစ်ခုက အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ပြင်သစ်ဘဏ် ၅ ခုဖြစ်တဲ့ Crédit Agricole၊ La Banque Postale၊ BPCE Group၊ BNP Paribas၊ Société Générale နှင့် Fonds de Réserve တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပမာဏာရှိပြီး ၇၅ ရာခိုင်နှုန်းက ဇီဝရုပ်ကြွင်းလောင်စာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ Justice for Myanmar၊ Info Birmanie နဲ့ BankTrack အဖွဲ့တို့က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒါ့အပြင် စစ်ကောင်စီရဲ့ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ပေးတဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍအတွက် Credit Agricole ဘဏ်က အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပိုင်ဆိုင်ထားတယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
ပြင်သစ် Crédit Agricole ဘဏ်အနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှု စချိန်ကတည်းက မြန်မာစစ်ကောင်စီထံကို စစ်လက်နက်ပစ္စည်းတွေရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံပိုင် Bharat Electronics Limited (BEL) မှာ ရင်းနှီးမြှုပ်နှံထားပြီး BEL ဟာ Thalès Group ရဲ့ ဦးဆောင်မိတ်ဖက်ကုမ္ပဏီလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်အောက်ခံလုပ်ငန်းတွေမှာ ပြင်သစ်ကုမ္ပဏီ ၂၂ ခုတို့က မြန်မာနိုင်ငံအတွင်းမှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေကြတာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။