ကွတ်ခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

RFA Burmese
2023.11.02
ကွတ်ခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး လေကြောင်းတိုက်ခိုက်ခံရသည့် ကာလိုင်ကျေးရွာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာက ဒုက္ခသည်စခန်းအနီးကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်နဲ့ဈေးဆိုင်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာလိုင်ရွာနားက ပြည်သူ့စစ် တပ်စခန်းဟောင်းကို ကိုးကန့်တပ်ဖွဲ့ကဝင်လာချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကာလိုင်ရွာနားမှာ အရင်က ပြည်သူ့စစ်စခန်း အဟောင်းတစ်ခုရှိတယ်။ အဲဒါ ကိုးကန့်အဖွဲ့တွေ ဒီနေ့ ဝင်လာတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်လိုက်တာ အမျိုးသမီးတစ်ယောက် သေသွားတယ်။ အဲဒီနားက အိမ်တွေလည်း ပျက်စီသွားတယ်”

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ငါးဆယ်အရွယ် ဒေါ်မာလုဖြစ်ပြီး ဒီရွာမှာ လူနှစ်ထောင်ကျော် နေထိုင်တယ်လို့ သူကဆိုပါတယ်။ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အဲဒီရွာမှာ နေထိုင်သူတွေ ကွတ်ခိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေပြီလို့လည်း ဒေသခံကတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။