လားရှိုးမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး
2024.07.23

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်လိုင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေဖြစ်တဲ့ နောင်လိုင်နှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌ အသက် ၄၁ နှစ်အရွယ် ဦးတူးဂျာ၊ အသက် ၂၃ နှစ်အရွယ် ကိုဘရန်ဆန်အောင်နဲ့ အသက် ၃၄ နှစ်အရွယ် ကိုလထွယ်တို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဘရန်ဆန်အောင်က နေအိမ်မှာ ထိတယ်။ လထွယ်နဲ့ ဦးတူးဂျာက ထမင်းချက်စားနေချိန်မှာ ဖြစ်သွားတာ။ လထွယ်က ဦးတူးဂျာရုပ်အလောင်းကို ကတုတ်ကျင်းထဲ ဆွဲထည့်တဲ့အချိန်မှာ ခြေထောက်ကိုထိပြီး ဒဏ်ရာရတယ်။ သူက ဖုန်းအဆက်အသွယ်မရတော့ တစ်ညလုံး သွေးထွက်လွန်ပြီးတော့ အော်ငိုပြီး ဆုံးသွားတာ။ သူအော်တာကို ကြားတဲ့လူတွေကလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတော့ သွားကြည့်လို့မရဘူး”
ဇူလိုင်လ ၂၃ ရက် ဒီနေ့အထိလည်း လက်နက်ကြီးတွေ ပစ်ခတ်နေဆဲဖြစ်တာကြောင့် သူတို့ရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်နိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
နောင်လိုင်ရွာဟာ လားရှိုးမြို့နဲ့ သုံးမိုင်ခန့်ဝေးပြီး အဲဒီရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇူလိုင်လ ၁၉ ရက်နေ့မှာ သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
MNDAA ကတော့ ဇူလိုင်လကုန်အထိ ထိုးစစ်တွေရပ်ထားမယ်လို့ ကြေညာထားမဲ့ လားရှိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။
တိုက်ပွဲကြောင့် လားရှိုးမြို့ လူဦးရေ တစ်သိန်းကျော် နမ့်လန်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ဟိုပန်၊ ပြင်ဦးလွင် စတဲ့ မြို့တွေ အပါအဝင် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။