ကွတ်ခိုင်မှာ တရုတ်ရွှေတူးဖော်မှုကို ကန့်ကွက်သူတွေ ပစ်ခတ်ခံရပြီး ခြောက်ဦး သေဆုံး
2025.03.06

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးစီးကျေးရွာအုပ်စုထဲက နမ်လိမ်းချောင်းမှာ တရုတ်နိုင်ငံသားတွေနဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို ဒေသခံတွေက မတ်လ ၅ ရက်နေ့မှာ သွားရောက်ကန့်ကွက်ပြီးနောက် ပစ်ခတ်ခံရလို့ ကန့်ကွက်သူတွေထဲက ဒေသခံခြောက်ဦး သေဆုံးသွားတယ်လို့ မုံးစီးဒေသခံတွေက RFA ကို မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။
အခုရွှေလုပ်ကွက်ရှိနေတဲ့ နမ်လိမ်းချောင်းဟာ မုံးစီးကျေးရွာအုပ်စုထဲမှာရှိတဲ့ လယ်ယာမြေတွေအတွက် အဓိက ရေပေးဝေရတဲ့ ချောင်းဖြစ်တာကြောင့် ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက်နေကြတာလို့ ဆိုပါတယ်။
မတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ရွှေတူးဖော်ရေးလုပ်ကွက်နေရာကို ဒေသခံ နှစ်ရာခန့်နဲ့ သွားရောက်ကန့်ကွက်ချိန် အလုပ်တွေရပ်နားပြီး ပြန်သွားကြပေမဲ့ နေ့လယ်ပိုင်းမှာတော့ ဆန္ဒပြသူတွေ ပြန်လာတဲ့လမ်းမှာ စောင့်ကြိုပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ ရွှေတူးနေတဲ့သူတွေက ၁၃ ယောက်လောက်ရှိတယ်။ သူတို့ကို ကျွန်တော်တို့ ရွာလူကြီးတွေကနေ အကြိမ်ကြိမ် သွားပြောတယ်။ မနေ့က မနက်အထိ သွားပြောတယ်။ အဲဒါကို သူတို့က ထပ်လာပြောရင် ဖမ်းဆီးမယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း မတူးဖို့ ထပ်ပြောတယ်။ အဲဒီအချိန်မှာပဲ သူတို့ သေနတ်တွေနဲ့ ချိန်လာတော့ ကျွန်တော်တို့ လူတွေလည်း လက်တွေပါတာရှိတယ်။ အဲနောက် သူတို့ကို ရွှေတူးနေတဲ့ စက်ယန္တယားတွေ မောင်းပြီးပြန်ခိုင်းလိုက်တာ။ကျွန်တော်တို့က ပိန်းခန်းရွာမှာ ထမင်းတွေ ချက်စားပြီး ပြန်လာတဲ့အချိန် သူတို့ ပြန်တက်လာတယ်။ အဲချိန်သူတို့ စောင့်ပြီး ပစ်တယ်။ ကျွန်တော်တို့က ပြည်သူတွေပဲ ဘာလက်နက်မှ မပါဘူး"
ဒီပစ်ခတ်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးလမုန်နောနော်၊ အသက် ၄၀ အရွယ် ဦးလရှီးအောင်ဆန်၊ အသက် ၃၉ နှစ်အရွယ်တွေဖြစ်တဲ့ ဦးလမုန်နော်ဂျာနဲ့ ဦးမရန်နော်ရာ၊ အသက် ၃၅ နှစ်အရွယ်တွေဖြစ်တဲ့ ဦးလဂွေတိန့်ချန်းနဲ့ ဦးမရန်ဇော်ဒွဲတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
နောက်ထပ်ဒဏ်ရာရတဲ့ ဒေသခံခြောက်ဦးကိုလည်း ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကို MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာလို့ ဒေသခံတွေကပြောပေမဲ့ ဒါနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို MNDAA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်ထားပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ MNDAA တာဝန်ရှိသူတွေ မတ်လ ၆ ရက်နေ့မှာ ညှိနှိုင်းနေကြတယ်လို့ နောက်ထပ် မုံးစီးဒေသခံ တစ်ဦးက ပြောပါတယ်။
"အခုထိတော့ ကျွန်တော်တို့ဒေသခံတွေနဲ့ ကိုးကန့်တပ်တွေ ညှိနှိုင်းနေတယ်၊ KIO (ကချင်လွတ်လပ်ရေးအဖွဲ့) က ကြားလူလုပ်ပြီးတော့။ သေဆုံးသူတွေကိုတော့ မနက်ဖြန်သင်္ဂြိုဟ်ဖို့ လုပ်ထားတယ်။ ကျွန်တော်တို့ ဒေသခံတွေက ဘာလက်နက်မှ မပါတာကို အခုလိုပစ်သွားတာ ဟုတ်တယ်"
ရွှေလုပ်ကွက်နေရာမှာ တရုတ်နိုင်ငံသားတွေ ပါဝင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သဘောထားသိနိုင်ဖို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က မတ်လ ၆ ရက်နေ့ ညနေပိုင်းမှာ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလမှာ ကွတ်ခိုင်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ခဲ့တာဖြစ်ပြီး ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာရွာကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားတာပါ။
ဒါ့အပြင် ကွတ်ခိုင်မြို့နယ်ထဲက အခုပစ်ခတ်မှုဖြစ်ပွားတဲ့ ဒေသတစ်၀ိုက်ကိုတော့ MNDAA က ထိန်းချုပ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ကွတ်ခိုင်မြို့နယ်ထဲမှာ နယ်မြေစိုးမိုးရေးကိစ္စတွေနဲ့ ပတ်သက်လို့ MNDAA၊ TNLA နဲ့ KIA တို့ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေကြား မကြာခဏ အငြင်းပွားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။