မလေးရှားရောက်မြန်မာများ သြင်္ကန်ပွဲ စုပေါင်းဆင်နွှဲ

မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်ကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေဟာ ပီနန်ကျွန်း ဂျော့ချ်တောင်းမြို့ရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

2011.04.15
malaysia_thingyan_305_z.png မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းရှိ ဂျော့ချ်တောင်းမြို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပနေကျ မြန်မာ့ ရိုးရာ သြင်္ကန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့က အခမ်းအနားဖြင့် ဖွင့်လှစ်နေပုံ ဖြစ်ပါသည်။ (Photo: RFA listener)
Photo: RFA listener

အဲဒီ သြင်္ကန်ပွဲတော်ကို မြန်မာ ၅ ထောင်ခန့် တက်ရောက် ဆင်နွှဲခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပါဝင်ဆင်နွှဲခဲ့သူ တဦးဖြစ်သူ ကိုကျော်ဝင်းက ခုလို ပြောပါတယ်။

 “ပီနန်ပွဲကတော့ မလေးရှားမှာတော့ သြင်္ကန်ပွဲက အကြီးဆုံးပေါ့နော်၊ နှစ်စဉ် လုပ်နေတာ။ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ လုပ်တယ်ဗျာ။ နှစ်စဉ် ၁၃ ရက်နေ့တိုင်းကို ပုံမှန် လုပ်တယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား လူဦးရေ ၅,၀၀၀ လောက် မြန်မာချည်းပဲပေါ့။ နိုင်ငံခြားသားတွေလည်း လာတယ်။ ဗမာအများဆုံးပေါ့။”

မလေးရှားရောက် မြန်မာတွေစုပေါင်းကျင်းပကြတာဖြစ်ပြီး ရိုးရာ ကပြဖျော်ဖြေမှု ၊ တေးဂီတသီဆို တင်ဆက်မှု တွေလည်း ပါဝင်တယ်လို့ ကိုကျော်ဝင်းက ပြောပါတယ်။

“တခြားကတော့ ကျွန်တော်တို့ ဖျော်ဖြေရေး မဏ္ဍပ်တခု ရှိတယ်။ ဖျော်ဖြေရေး မဏ္ဍပ်က နှစ်စဉ်မှာ အမေ့ရင်သွေးဆိုတဲ့ ဖျော်ဖြေရေး မဏ္ဍပ်ကနေပြီးတော့ ၁၂ ရက်နေ့ ညကနေပြီးတော့ သီချင်းတွေနဲ့ ဖျော်ဖြေတယ်။ နောက် ၁၃ ရက်နေ့ကို တနေကုန် သူတို့က ယိမ်းအကတွေ နောက်ပြီးတော့ ခေတ်ပေါ် တေးဂီတတွေ မြန်မာမှုနဲ့ ပေါင်းပြီးတော့ အဖွဲ့လိုက် အဖွဲ့လိုက် တက်ပြီးတော့ သူတို့ ဖျော်ဖြေရေး လုပ်တယ်ပေါ့။”

သြင်္ကန်ပွဲတော်မှာ မုန့်လုံးရေပေါ်၊ ကြာဆံဟင်းခါး၊ လက်သုပ်စုံတွေပါ ရောင်းချခဲ့ရာ မြန်မာတွေတင်မကပဲ နိင်ငံခြားသားတွေနဲ့ မလေးတရုတ်လူမျိုးတွေပါ လာရောက် အားပေးကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။