မလေးရှားမှာ တစ်ပတ်အတွင်း အထောက်အထားမဲ့ မြန်မာ တစ်ထောင်ကျော် ဖမ်းဆီးခံရ
2025.02.26

မလေးရှားနိုင်ငံမှာ တစ်ပတ်တာအတွင်း တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား တစ်ထောင်ကျော် ဖမ်းဆီး ခံထားရကြောင်း မြန်မာအလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိနေရာအနှံ့မှာ မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေနှိမ်နင်းရေးစီမံချက်နဲ့ နေ့စဉ်ဖမ်းဆီးနေပြီး မြန်မာနိုင်ငံသားအများစု အဖမ်းဆီးခံနေရတယ်လို့ဆိုပါတယ်။
ရွှေ့ပြောင်းမြန်မာ အလုပ်သမားအများစု အလုပ်လုပ်ရာနေရာတွေကို ဝင်ရောက်ဖမ်းဆီးနေတာဖြစ်တဲ့အတွက် သတိထားကြဖို့ အလုပ်သမားရေး ကူညီပေးနေတဲ့ Myanmar Labour Affairs and Refugee Organization ဥက္ကဋ္ဌ ကိုမင်းထိုက်က RFA ကိုပြောပါတယ်။
“ဒီတစ်ပတ်ထဲမှာကို ကျွန်တော်တို့ မြန်မာလူဦးရေက ထောင်ကျော်နေပြီ။ ဘာကြောင့်လူဦးရေတက်သွားသလဲ ဆိုတော့ ၂၂ ရက်နေ့က ကလန်းမဲရူးကနေပြီးတော့ အဲမှာကို မြန်မာလူဦးရေကကို ၅၃၀ ။ ပူချွန်းစက်ရုံတွေကိုလည်း တောက်လျှောက်ဝင်တယ်။ စက်ရုံတစ်ခုကိုဝင်ရင် ဆယ်ဂဏန်း။ အများအားဖြင့်ပါနေတာက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တွေချည်းပဲ။ မြန်မာလူဦးရေက ထိပ်ဆုံးကပဲ ။အဲဒီသူတွေအားလုံးကို ထိန်းသိမ်းရေးစခန်းမှာပဲ ထားပြီးတော့ တရားရင်ဆိုင်ခွင့်မပြုတော့ဘူး။လေယာဉ်လက်မှတ်ဝယ်ပြီး ပို့ဆောင်ပေးတယ်”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်မှာရှိတဲ့ ကလန်းမဲရူးစျေးကြီးမှာ မလေးရှားအာဏာပိုင်တွေက စီမံချက်နဲ့ဝင်ရောက်ပြီး အထောက်အထားမပြည့်စုံသူတွေဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ မြန်မာ ၅၃၀ ဦး ပါဝင်ပြီး အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်းမလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ဆဂါမတ်နဲ့ ဆလန်ဂေါပြည်နယ်မှာရှိတဲ့ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းစက်ရုံကို ဝင်ရောက်ဖမ်းဆီးရာမှာ ၄၂၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ နီပေါနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆၇ ဦးကို မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထပ်မံဖမ်းဆီးခံရသူတွေကို ပြန်လည်ပို့ဆောင်သွားမယ်လို့ မြန်မာနိုင်ငံသားအရေးကူညီပေးနေသူတွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မလေးရှားနိုင်ငံကို တရားမဝင်လာရောက်တဲ့ မြန်မာ ၂၉ ဦး ဖမ်းဆီးခံခဲ့ ရတယ်လို့ မြန်မာနိုင်ငံသားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
မလေးရှားမှာ အဖမ်းအဆီးများနေပေမယ့် တရားမဝင်နယ်စပ်လမ်းကြောင်းက လာရောက်ပြီး လူကုန်ကူးပွဲစားတွေရဲ့ လိမ်ညာမှုတွေခံနေရတဲ့ မြန်မာနိုင်ငံသားအများစု ရှိနေသေးတဲ့အတွက် သတိထားကြဖို့နဲ့ နယ်စပ်မှာ ဖမ်းမိတဲ့သူတွေအတွက် အကူအညီပေးဖို့ ခက်ခဲနေတယ်လို့ မလေးရှားရောက် မြန်မာတွေကပြောပါတယ်။