မလေးရှားမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီ နေရပ်ပြန်ပို့ခံရ
2025.02.28

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ဆိုပြီး ဖမ်းဆီးခံရသူတွေထဲက ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာသံရုံးကနေတစ်ဆင့် ပြန်ပို့လိုက်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တရားမဝင်နေထိုင်လို့ဆိုပြီး ဖမ်းဆီးပြီး ပြန်ပို့ခံရတာလို့ အလုပ်သမားရေး ကူညီပေးနေတဲ့ Myanmar Labour Affairs and Refugee Organization ဥက္ကဋ္ဌ ကိုမင်းထိုက်က RFA ကို ပြောပါတယ်။
"၂၇ ရက်နေ့က ပို့တာပေါ့နော်၊ အကုန်လုံးက တရားမဝင်နေထိုင်တဲ့သူတွေပေါ့နော်၊ တချိုဆို ရောက်ခါစပဲ ရှိပါသေးတယ်၊ လပိုင်းပဲ ရှိသေးတယ်၊ ဆီလန်ဂေါပြည်နယ်ထဲမှာပဲ မြန်မာလုပ်သား ခုနစ်ရာကျော်လောက် ရှိပါတယ်၊ အဲကြောင့် အသုတ်ခွဲပြီးပို့တာပေါ့နော်၊ လူအရေအတွက်တော့ အတည်အကျ မသိရပါဘူး၊ ကျွန်တော်တို့ဆီ ဆက်သွယ်အကူအညီတောင်းသူလောက်ပဲ သိရတယ်၊ ခန့်မှန်းခြေကျွန်တော်ဆီ ဆက်သွယ်လာသူက ရာဂဏန်းလောက်ရှိတယ်"
မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေနှိမ်နင်းရေးစီမံချက်နဲ့ နေ့စဉ်ဖမ်းဆီးနေပြီး မြန်မာနိုင်ငံသား ၁၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့လည်း ပြောပါတယ်။
ဒီပြန်ပို့တဲ့အထဲမှာ အားလုံးနီးပါးဟာ UN လျှောက်လွှာရှိတဲ့လူတွေဖြစ်ပြီး ဒီလူတွေကို တရားရင်ဆိုင်ခွင့်မပေးဘဲ ပြန်ပို့နေတာလို့ ပြောပါတယ်။
မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေနှိမ်နင်းရေးစီမံချက်နဲ့ နေ့စဉ်ဖမ်းဆီးနေသလို ဖမ်းဆီးရမိသူတွေများပြီး နေရာအခက်အခဲကြောင့် အခုလိုရုံးမထုတ်ဘဲ ပြန်ပို့နေတာလို့လည်း ကိုမင်းထိုက်က ပြောပါတယ်။
မလေးရှားကနေပြန်ပို့ခံရတဲ့ ပြီးခဲ့တဲ့အသုတ်တွေမှာတော့ နေအိမ်ရောက်ပြီး တစ်ပတ်အတွင်း စစ်ကောင်စီက နေအိမ်တွေမှာ ပြန်ဖမ်းတာခံရသူ ဆယ်ဦးကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေ ပြန်ပို့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မလေးရှားနိုင်ငံ မြန်မာသံရုံးက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၉ ရက်နေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကို နေရပ်ပြန်ပို့ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်သူနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းတို့တွေ့ဆုံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။