မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရ

RFA Burmese
2025.02.22
မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်း၊ မဲရူးဈေးတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သည့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို မလေးရှားအာဏာပိုင်များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့စဉ်။
Jim Selangor

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်(selongor) ကလန်း (Kalang) မဲရူး (Meru) ဈေးကြီးမှာ အထောက်အထား မပြည့်စုံတဲ့ မြန်မာနိုင်ငံသား ၅၃၀ အပါအဝင် နိုင်ငံခြားသား ၆၃၀ ကို ဖေဖော်ဝါရီလ ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေအထဲမှာ မြန်မာနိုင်ငံသား ၅၃၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦး၊ အိန္ဒိယနိုင်ငံသား ငါးဦးနဲ့ နီပေါနိုင်ငံသား တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မနက်ပိုင်းဈေးဖွင့်ချိန်မှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“မဲရူး(Meru) ဈေးကြီးမှာ အော်ပရာစီ ဝင်ဖမ်းတာ။ အဲဒီမှာ မြန်မာက ၅၃၀ တောင်ပါသွားတယ်လို့ သိရတယ်။ အလုပ်သမားတွေပဲ ပါသွားတာ။ သူတို့ကို ဘယ်လိုလုပ်မလဲတော့ အသေးစိတ် မသိသေးဘူး"

မလေးရှားအာဏာပိုင်တွေအနေနဲ့ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ဆက်တိုက်စစ်ဆေး ဖမ်းဆီးတာတွေ ပိုများလာပြီး ဖမ်းဆီးရမိသူတွေကိုလည်း မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

အဲဒီ မဲရူးဈေးဟာ ကုန်စိမ်း၊ အသား ငါးနဲ့ အသီးအနှံတွေ အဓိက ရောင်းချတဲ့ ဈေးကြီးဖြစ်ပြီး တရားမဝင်နေထိုင်သူတွေ အခြေခံအလုပ်သမားအဖြစ် အများဆုံးတွေ့ရတယ်လို့ ပြောပါတယ်။

ဆလန်ဂေါပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဒီနေ့မနက် အသက် ၁၇ နှစ်ကနေ ၅၇ အရွယ်ရှိတဲ့ အမျိုးသား ၆၂၈ ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီးရမိထားပြီး စမုံညှင်းထိန်းသိမ်းရေးစခန်း (Semenyih Immigration Depot ) မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပုန်း (Kepong) ရပ်ကွက်က လူနေအိမ်တွေကို မလေးရှား အာဏာပိုင်တွေက ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ငါးဆယ်ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေက ဆိုပါတယ်။

တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို မလေးရှားအာဏာပိုင်တွေက နေ့စဉ် ဖမ်းဆီးနေပြီး အခုနှစ်စမှာပဲ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် ရှိနေတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူတွေက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။