ဝိုင်းမော်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး သေဆုံး
2024.05.28

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အဝင်မှာ အရပ်သားတွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရမှုကြောင့် ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အထဲက အမျိုးသားတစ်ဦး မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး အဲဒီထဲက အသက်၂၉ နှစ်အရွယ် ကိုချစ်ဦးမောင်ဆိုသူ သေဆုံးခဲ့သလို နောက်ထပ်အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့နယ် ဘီဘရာရွာက ငှက်ပျောခြံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အရပ်သားတွေဟာ မေလ ၂၆ ရက်နေ့ညပိုင်းမှာ ကား၊ သုံးဘီးဆိုင်ကယ်တို့နဲ့ မြို့ပေါ်ကိုတက်လာချိန် မြို့အဝင်က တိုက်ပွဲအတွင်း ကြားညပ်ပြီး ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တာပါ။
အခုလို တိုက်ပွဲအတွင်း ပြည်သူတွေကြားညပ်ပြီး ထိခိုက်နစ်နာတာမျိုးမဖြစ်ဖို့ လိုအပ်တယ်လို့ ဝါရှောင်ဆရာတော် ဦးဝိဇယက RFA ကို မိန့်ပါတယ်။
“ပြည်သူတွေ ကြားညပ်ပြီး ထိတာမျိုးမဖြစ်စေချင်ဘူး။ ပြည်သူတွေ ပင်ပန်းလွန်းလှပါပြီ၊ ဘဝပျက်လွန်းလှပါပြီ။ အဲတော့ နှစ်ဖက်စစ်ခင်းကြတဲ့ ပုဂ္ဂိုလ်တွေကလည်း ဖြစ်ပြီးတော့မှ ဘယ်သူပစ်တာပါ၊ သူပစ်တာပါလို့ ငြင်းခုံစရာမလိုအောင် နှစ်ဖက် လွတ်လွတ်ကျွတ်ကျွတ် စစ်ခင်းမယ်ဆိုလည်း ကိုယ့်ဘာသာ စီစဉ်ကြပေါ့။ ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး နောက်မလုပ်ဖို့ လိုအပ်တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပါတယ်။