ရုရှားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးကြောင်း စစ်ကောင်စီထုတ်ပြန်
2023.12.13

မြန်မာနိုင်ငံကိုလာရောက်မယ့် ရုရှားနိုင်ငံက ခရီးသွားတွေအတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ အထိ ဗီဇာကင်းလွတ်ခွင့် ပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်မှာ ကြေညာထားပါတယ်။
သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ရုရှားနိုင်ငံသားတွေဟာ ဗီဇာကင်းလွတ်ခွင့်နဲ့ မြန်မာနိုင်ငံမှာ တစ်လတိတိ နေထိုင်ခွင့်ရမယ်လို့ ဖော်ပြထားပါတယ်။
အထူးကမ္ဘာ့လှည့်ဗီဇာနဲ့ ရုရှားနိုင်ငံသားတွေကတော့ မြန်မာနိုင်ငံမှာ တစ်လကနေ သုံးလအထိ ဗီဇာကင်းလွတ်ခွင့်ရမယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက သတ်မှတ်လိုက်တာပါ။
ဒါ့အပြင် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေကိုလည်း ဆိုက်ရောက်ဗီဇာပေးပြီး တစ်လနေထိုင်ခွင့် ပြုတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံနဲ့ အာဆီယံဒေသတွင်းက ခရီးသွားတွေ ပိုဝင်ရောက် လာအောင် ကြိုးစားဖို့လိုတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်မှာ ပြောခဲ့ဖူးပါတယ်။
ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတွေက သာမန်နဲ့ သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို နေထိုင်ခွင့် တစ်လ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ လာအို၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံက သာမန်နဲ့ သံတမန် နိုင်ငံကူးလက်မှတ်ရှိသူတွေကိုလည်း နေထိုင်ခွင့်နှစ်ပတ် ပေးထားပါတယ်။