လိင်အကြမ်းဖက်မှု ကြုံတွေ့ရတဲ့ အမျိုးသမီးငယ်တွေ ပိုများလာ


2018.11.25
violence-women-poster-622 အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး လှုပ်ရှားမှုပိုစတာ။
(Image: UN Women)

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှု ဒီနေ့ စတင်ရာမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သူတွေကို တပ်မတော်က အပြစ်ပေးအရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း အမျိုးသမီးအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသမီးတွေအပေါ် နည်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီနေ့ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီလို အမှုကိစ္စတွေအတွက် တရားဥပဒေလမ်းကြောင်းအရ တရားမျှတမှုရရှိဖို့ ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေ ကြုံတေ့ွရပြီး လက်ရှိတည်ဆဲဥပဒေတွေဟာ အမျိုးသမီးတွေအပေါ် အကာအကွယ်ပေးတာ အားနည်းနေကြောင်း လည်း ကြေညာချက်မှာ ပါရှိပါတယ်။

တဆက်တည်းမှာပဲ SWAN လို့ခေါ်တဲ့ ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ယက်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို "အဘယ်ကြောင့် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ကင်းမဲ့နေရတယ်" ဆိုတဲ့ အကြောင်းရင်း (၁၆) ခုနဲ့ အကြံပြုချက် (၁၆) ခုကို လူမှုမီဒီယာကတဆင့် ဒီနေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်ကြာ ဖော်ထုတ်သွားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံက လက်ရှိတည်ဆဲဥပဒေတွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကနေ အကာအကွယ် ပေးနိုင်မှု အားနည်းကြောင်း နဲ့ တစ်နှစ်ထက်တစ်နှစ် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ မြင့်တက်လာကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၁၆ ခုနှစ်ထက်စာရင် ၂၀၁၇ မှာ မုဒိန်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမှုတွေ ရာနဲ့ချီ မြင့်တက်လာကြောင်းလည်း ပြောကြပါတယ်။

ရဲစခန်းကို တိုင်ကြားလာတဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ၂၀၁၆ မှာ အမှုပေါင်း ၁၁၀၀ သာရှိခဲ့ပေမယ့် ၂၀၁၇ မှာတော့ ၁၄၀၅ မှုအထိ တိုးမြင့်လာခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က လေ့လာတွေ့ရှိချက်ကို ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ အစိုးရမှာ တာဝန်အရှိဆုံးဖြစ်ပြီး အမျိုးသမီးတွေကို အကြမ်းဖက်ခံရမှုတွေကနေ အကာအကွယ်ပေးတဲ့ ဥပဒေမရှိတာကြောင့်လို့ သုံးသပ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး လွေးပိုးငယ် က ပြောပါတယ်။

"ကျမတို့မှာ နှစ်ပေါင်းများစွာ အိမ်တွင်းအကြမ်းဖက်မှုရော၊ တခြားအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ မူထားရှိတာရှိတယ်၊ ကျမတို့မှာ zero tolerance ပေါ်လစီ လို့ ခေါ်တာပေါ့နော်၊ ဘာအကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ ဘယ်သူပဲကျူးလွန် ကျူးလွန်၊ သည်းခံလို့မရတဲ့ ပေါ်လစီ ရှိတယ်ပေါ့နော်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ကျမတို့ အခု မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ဥပဒေ ပေါ်ပေါက်အောင် ကျမတို့က စည်းရုံးလှုံ့ဆော်တိုက်တွန်းတာ ဖြစ်ပါတယ်"

အမျိုးသမီးတွေအပေါ် ကျူးလွန်သူ ဘယ်သူကိုမဆို ထိရောက်တဲ့ဥပဒေတွေနဲ့ အရေးယူဖို့ တာဝန်ရှိကြောင်းလည်း လွေးပိုးငယ် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မပြဌာန်းနိုင်သေးဘူး လို့လည်း ဥပဒေပြုရေးပိုင်းက ထောက်ပြကြပါတယ်။

ပဋိပက္ခဒေသတွေမှာ နေထိုင်နေတဲ့ ဌာနေတိုင်းရင်းသား အမျိုးသမီးတွေကို အကာအကွယ်အပြည့်အ၀ မပေးနိုင်ဘဲ ဥပေက္ခာပြုထားသလို ခံစားရကြောင်း ရှမ်းပြည်နယ် မန်တုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။

"ကျမတို့က တကယ့်ကို ပဋိပက္ခ ရင်ဆိုင်နေရတဲ့ မဲဆန္ဒနယ်လေ၊ မြို့ပေါ်မှာ ရဲကို အချိန်မရွေးခေါ်လို့ရတယ်၊ ပြေးတွေ့လို့ရတဲ့နေရာတောင်မှ အမျိုးသမီးတွေကို အကာအကွယ် အပြည့်အ၀ မပေးနိုင်ဘူး၊ အမတို့လို မဲဆန္ဒနယ် ပိုလို့တောင် ဆိုးသေးတယ်၊ တကယ်ကိုစိတ်ထဲမှာ မကောင်းဘူးပေါ့၊ ဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရကနေသော်လည်းကောင်း ဥပေက္ခာပြုထားခြင်း ခံရနေတယ်၊ လက်လှမ်းမမီဘူးဆိုတာထက် အမတို့က ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး ဒီလိုစာရင်းထဲမှာဆို အမတို့က ဘိတ်ဆုံးပဲ၊ တိုင်းရင်းသား ဒေသတွေ တော်တော်များများက အဲလိုမျိုးခံရတာလေ၊ ဘင်္ဂလီလောက်တောင်မှ အရေးစိုက်မခံရဘူး၊ စစ်ဖြစ်လို့ တစ်ရွာလုံး မီးထဲပါသွားလို့ ရွာပြောင်းရတဲ့ဟာဆိုရင် ခုချိန်ထိ ဘယ်သူမှ လာမကြည့်ဘူး၊ တဲကုတ်လေးနဲ့ပဲ နေရတယ်၊ ဘင်္ဂလီတို့ကမှ တန်ဖိုးနည်းအိမ်ရာ နေရသေးတယ်လေ၊ တကယ့် ဌာနေတိုင်းရင်းသားဖြစ်နေတဲ့ အမတို့လူမျိုးတွေက နှိုင်းယှဉ်မယ်ဆိုရင် အမတို့က သူတို့လောက်တောင် မရပါဘူး"

မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်လာရင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေမှာ ထိခိုက်နစ်နာမှု အများဆုံးဖြစ်ပေမယ့် အကာအကွယ်ရရှိမှုကတော့ နည်းနေဆဲပဲလို့လည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

တရားဥပဒေကြောင်းအရ ဌာနဆိုင်ရာတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေမှာ အခက်အခဲတွေရှိကြောင်း ရှမ်းမြောက်ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ မမိုင်းမိုင် က ပြောပါတယ်။

"ဝန်ထမ်းတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပြည့်နေတဲ့အတွက် ကျမတို့ လုပ်ကိုင်ရတာ အရမ်းခက်ခဲတယ်ပေါ့၊ အမျိုးသမီးတစ်ယောက်က အကြမ်းဖက်ခံရပြီဆိုရင် ပြောဖို့အတွက်တောင်မှ အရမ်းခက်ခဲတဲ့ အခြေအနေမှာ ရဲစခန်းကိုသွားပြီးမှ အမှုဖွင့်ရင် စစ်ဆေးမေးမြန်းဆဲကာလမှာတောင်မှ ရွာကလူတွေဆိုရင် ကျေးလက်ဆေးရုံ ကနေတစ်ဆင့် မြို့ပေါ်ဆေးရုံ အဲကတစ်ဆင့် ခရိုင် အဲလိုအဆင့်ဆင့် သွားနေရတဲ့ အနေအထားတွေမှာ တော်တော်လေးခက်ခဲမှု ရှိပါတယ်၊ ဒါတွေကအစ ပြောင်းလဲဖို့ လိုပါတယ်လို့"

ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ "အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့်ကာကွယ်ပေး" ဆိုတဲ့ ဆောင်ပုဒ်နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က နိုင်ငံတစ်ဝှမ်းမှာ အခမ်းအနားတွေပြုလုပ်ပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။

အလားတူ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က ၁၆ ရက်တာ လှုပ်ရှားမှု ကို ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ကျေးလက်နေ အမျိုးသမီးတွေနဲ့ ပြည်သူတွေ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ကင်းမဲ့နေရတဲ့ အကြောင်းရင်း (၁၆) ခုနဲ့အတူ အကြံပြုချက် (၁၆) ခုကို ဒီနေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ လူမှုကွန်ရက်ကနေ တင်ပြသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်သလို ခိုင်မာတဲ့ဥပဒေတစ်ခု ပြဌာန်းပေးဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။