အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အမေရိကန်သံရုံး တိုက်တွန်း
2024.12.04

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အမျိုးသားတွေ ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှုကို တစ်စိတ်တစ်ပိုင်း အနေနဲ့ အခုလို ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။
၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခကြား အသက်ဆုံးရှုံးရတဲ့ အမျိုးသမီး အရေအတွက် နှစ်ဆတိုးလာတယ်လို့ ဆိုပါတယ်။ ဒါဟာ ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး သေဆုံးခဲ့ရသူတွေရဲ့ လေးဆယ် ရာခိုင်နှုန်းဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်တွေဟာလည်း ငါးဆယ်ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ဖြစ်နေတဲ့နေရာတွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။
ကျား၊ မ အခြေပြု အကြမ်းဖက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပြသာနာတစ်ရပ်ဖြစ်ကြောင်း ပညာပေးနေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြထားပါတယ်။
နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာ လှုပ်ရှားမှုလို့ သတ်မှတ်ပြီး အသိပညာပေးလှုံ့ဆော်မှုနဲ့ လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်နေကြပါတယ်။