သီတင်းကျွတ်မှာ ချစ်ခင်သူတွေနဲ့အတူ ဆင်နွှဲခွင့်ရဖို့ ဆုတောင်းကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
2024.10.17

မြန်မာသီတင်းကျွတ်ကာလမှာ မိသားစုဝင်တွေ၊ ချစ်ခင်ရသူတွေနဲ့ အတူဆင်နွှဲခွင့်တွေ အသစ်တစ်ဖန်ရရှိစေဖို့ အမေရိကန်သံရုံးက တောင်းဆုပြုလိုက်ကြောင်း သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က သီတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
“ပိုပြီးတောက်ပတဲ့၊ ပိုပြီးငြိမ်းချမ်းသာယာတဲ့ အနာဂတ်လမ်းကြောင်းဆီသွားမဲ့ သင်တို့ကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံရင်း ဒီနှစ်သီတင်းကျွတ်ကာလကို ကျွန်မတို့ ဆင်နွှဲပါတယ်။ အခုလို သီတင်းကျွတ် မီးထွန်းပွဲတော်ကို ဂုဏ်ပြုရင်း သင်တို့အားလုံးအတွက် မျှော်လင့်ခြင်း၊ ခွန်အားနဲ့ သင်တို့ရဲ့ မိသားစုဝင်တွေ၊ ချစ်ခင်သူတွေနဲ့ အတူဆင်နွှဲနိုင်ခွင့်တွေ အသစ်တစ်ဖန်ရရှိပါစေကြောင်း အမေရိကန်သံရုံးက တောင်းဆုပြုလိုက်ပါတယ်”
ရာဂီမုန်တိုင်းကြောင့် လတ်တလောဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေနဲ့ နိုင်ငံအတွက် ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သိမြင်နေရကြောင်းနဲ့ သီတင်းကျွတ်ပွဲတော်ဟာ ဒီလိုအခက်အခဲတွေကြားကပဲ အတူဆုံစည်းကြပြီး မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို အသိအမှတ်ပြုရမယ်လို့ သူက ပြောပါတယ်။
ဒီနေ့မှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် အထင်ကရနေရာတွေနဲ့ ဘုရားစေတီတွေမှာ ကောင်းမှုကုသိုလ်ပြုသူတွေ၊ မိသားစုထံ နေရပ်ပြန်ကြသူတွေ ရှိနေသလို ဒေသတချို့ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ နေအိမ်တွေ မီးရှို့ခံရတာကြောင့် ဒေသခံတွေ ထွက်ပြေးရတဲ့ အခြေအနေတွေကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတာပါ။
အာဏာမသိမ်းမီက တောရော၊ မြို့ပါမကျန် သီတင်းကျွတ်ပွဲတော်တွေကို စည်စည်ကားကား ကျင်းပကြပေမဲ့ လက်ရှိမှာတော့ ရခိုင်ပြည်နယ်အပါအဝင် စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေ မလုပ်ကြတော့သလို နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း မိသားစုနဲ့ ဒီသီတင်းကျွတ်မှာ ပြန်မဆုံနိုင်သေးတဲ့အကြောင်း ပြောဆိုကြပါတယ်။