ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး ပါဝင်ခွင့်နည်းနေကြောင်း SWAN အဖွဲ့ ဖော်ထုတ်
2018.11.26
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဘေးဖယ်ခံထားရတယ်ဆိုပြီး ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က ၁၆ ရက်တာ လှုပ်ရှားမှုရဲ့ ဒုတိယနေ့ အကြောင်းအရာအဖြစ် ဒီနေ့ လူမှုကွန်ရက်မှာ ဖော်ထုတ်လိုက်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတာကြောင့် အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ပြောပြပေးနိုင်ဖို့ အခက်အခဲတွေရှိနေကြောင်း SWAN အဖွဲ့က ဆိုပါတယ်။
အဲဒီလို လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် ကိုတာစနစ် သတ်မှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
၁၆ ရက်တာ လှုပ်ရှားမှုရဲ့ ပထမနေ့ဖြစ်တဲ့ မနေ့ကတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ တပ်မတော်က ပျက်ကွက်တယ်ဆိုပြီး ပထမဆုံး အကြောင်းအရာကို SWAN အဖွဲ့က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး "ဘာကြောင့် အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ကင်းမဲ့နေရသလဲ" ဆိုတဲ့ အကြောင်းရင်း (၁၆) ခုနဲ့ အကြံပြုချက် (၁၆) ခုကို လူမှုမီဒီယာကတဆင့် မနေ့ကစပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်ကြာ ဖော်ထုတ်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။